စစ်ကိုင်းတိုင်းက လူငယ် ၁ သိန်းကျော် ပြည်ပနိုင်ငံ​တွေထွက်ခွာဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားနေကြ

ဇူလိုင် ၊ ၅ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်းက လူငယ် ၁ သိန်းကျော်ဟာ ပြည်ပနိုင်ငံတွေကို သွားရောက်ပြီး အလုပ် လုပ်ကိုင်ဖို့အတွက် ဒီနှစ်ဆန်းပိုင်းကစလို့ နိုင်ငံကူးလက်မှတ်တွေ လာရောက်လျှောက်ထားကြတယ်လို့ စစ်ကိုင်းတိုင်း နိုင်ငံကူးလတ်မှတ် ထုတ်ပေးရေးရုံး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ၁ ရက်ကို လူ ၂ ရာကျော်လောက် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားတာဖြစ်တယ် ၊ ပြည်ပ အလုပ်အကိုင်အတွက် လျှောက်ထားကြတာပါ ၊ လူငယ်ပိုင်းတွေ အများစု ဖြစ်တယ် ” လို့ မုံရွာမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

မုံရွာနိုင်ငံကူးလတ်မှတ်ရုံးမှာ လက်မှတ်လာရောက်လျှောက်ထားသူ ဒီပဲယင်းမြို့နယ်က လူငယ်တယောက်က” ကိုဗစ် ပထမလှိုင်း မတိုင်မီက စားသောက်ဆိုင်မှာ အလုပ် လုပ်တယ် ၊ ကိုဗစ်စတဲ့ ၂၀၂၀ တည်းက အလုပ်နားထားရတာ ၃ နှစ်ထဲရောက်နေပြီ ၊ အဲ့ဒါကြောင့် ထိုင်းမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေတာပါ ၊ အဖွဲ့လိုက်သွားမှာပါ ၊ ကျွန်တော်တို့အဖွဲ့က လူ ၈၀ ကျော်မယ် “လို့ ပြောပါတယ်။

မုံရွာမြို့မှာရှိတဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို ရုံးဖွင့်ရက်တိုင်း နေ့စဥ် လူ ၂ ရာကျော်လောက် နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားတဲ့အထဲမှာ နိုင်ငံရေးဖြစ်စဥ်တွေကြောင့် ပဋိပက္ခအများဆုံး ဖြစ်ပွားရာဒေသက လူငယ်တွေ ဖြစ်တယ်လို့ လဝက ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မုံရွာမှာလာပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားရတာနဲ့ ပတ်သက်လို့ ယင်းမာပင်မြို့နယ် ၊အလောင်းတော် ကဿပ ဘုရားတောင်ခြေမှာရှိတဲ့ ရွာ ၁ ရွာက လူငယ်တယောက်​က ” ရွာဘက်မှာက လူငယ်မှန်ရင် အနာဂါတ်အတွက် တော်လှန်ရေးထဲ လုပ်ရမယ်လို့ အမိန့်ထုတ်ထားတယ် ၊ ကျန်းမာရေးကောင်းတဲ့ လူတွေက လုပ်ကြတယ်၊ မလုပ်နိုင်တဲ့သူတွေက မုံရွာကိုလာပြီး တိမ်းရှောင်နေရတယ် ၊ မုံရွာမှာကလည်း အလုပ်အကိုင် အခွင့်အလမ်းကနည်းတယ် ၊ ရွာပြန်လို့လည်း မဖြစ်တော့ ပြည်ပကိုထွက်ပြီး အလုပ်ကြရတာ “လို့ ပြောပါတယ်။

အဲ့ဒီလို အခြေအနေတွေကြောင့် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားကြတဲ့ မြို့နယ်တွေကတော့ ဘုတလင် ၊ ချောင်းဦး ၊ အရာတော် ၊ ရွှေဘို ၊ ဝက်လက် ၊ ခင်ဦး ၊ ရေဦး ၊ တန့်ဆည် ၊ ကန့်ဘလူ ၊ မင်းကင်း ၊ ကလေး ၊ ကနီ ၊ ယင်းမာပင် ၊ ပုလဲ ၊ ကောလင်း ၊ ပင်လည်ဘူး ၊ ဆားလင်းကြီး စတဲ့ မြို့နယ်တွေဘက်က လူငယ်တွေအများစု ပါဝင်တယ်လို့ သိရပါတယ်။

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာလည်း အလားတူ နိုင်ငံကူးလက်မှတ်လုပ်သူတွေ များပြားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်က ကိုရီးယား၊ မလေးရှား၊ ဂျပန်၊ စင်္ကာပူစတဲ့သံရုံးတွေမှာ ပြည်ဝင်ခွင့်လျှောက်သူတွေ အရင်ကထက် အဆမတန် များပြားနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #နိုင်ငံကူးလက်မှတ် #လူငယ်တသိန်းကျော်

Related posts

Leave a Comment

VOM News

FREE
VIEW