ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက လစာငွေထုတ်လာတဲ့ကား လမ်းမှာ ဓားပြတိုက်ခံရလို့သိန်း ၂ ထောင်ကျော်ပါသွား

ဇူလိုင် ၊ ၅ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ ပန်းတိုင်းခြုံ ကျေးရွာနားက ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံဝန်ထမ်းတွေအတွက် လစာငွေထုတ်ပြီး သယ်ယူလာတဲ့ကားဟာ ဒီကနေ့ ၊ မနက် ၁၁ နာရီဝန်းကျင်က လမ်းမှာ ဓားပြတိုက်ခံရပြီး ကားပေါ်မှာပါလာတဲ့ ပိုက်ဆံ သိန်း ၂ ထောင်ကျော် ပါသွားတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက ငွေထုတ်ပြန်လာတဲ့ကားကို ပေါင်းလောင်ကန် ရွာထိပ်နားမှာ ဒီမနက်ပိုင်းက ဓားပြတိုက်ခံရတာပါ ၊ သိန်း ၂၅၀၀ ကျော်နဲ့အတူ ကားပါ ၊ ပါသွားတယ် ” လို့ ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

” ကနဦးကြားရတာကတော့ ဒီမနက် ၁၁ ဝန်းကျင်က ပေါင်းလောင်ကန်ရွာထိပ်နားမှာ လက်နက်ကိုင် လူ ၇ ယောက်က ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက ကားကိုတားတယ် ၊ ကားရပ်ပေးတဲ့အခါ လူ ၇ ယောက်က ဘယ်ကကားလဲလို့မေးတယ် ၊ အထည်ချုပ်စက်ရုံကကားလို့ ဖြေတဲ့အခါ ၊ ကားပေါ်က လူတွေဆင်းခိုင်းတယ် ၊ နောက်ပြီး အဲ့ဒီ ကားကိုပါ ယူဆောင် မောင်းပြေးသွားတာ ” လို့ ပခုက္ကူမြိူ့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ်မှာ အဲ့ဒီ ဓားပြတိုက်တာဖြစ်ပွားပြီး ၁၂ နာရီဝန်းကျင်ကစလို့ ရေစကြို ပခုက္ကူလမ်းမှာ ရဲနဲ့စစ်သားတွေက ကားတွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ သိရပါတယ်။

အဲ့ဒိအပြင် မနေ့က မနက်ပိုင်းကလည်း ပခုက္ကူမြို့မစျေးထဲက ရှမ်းဧကရီ ရွှေရတနာဆိုင် ဓားပြတိုက်ခံရပါသေးတယ်။

အဲ့ဒါကြောင့် ပခုက္ကူမြို့မှာ မနေ့ကနဲ့ ဒီကနေ့ ကြား ၂၄ နာရီအတွင်း ဓားပြတိုက်မှု ၂ ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #ပန်းတိုင်းခြုံ #အထည်ချုပ်စက်ရုံကားဓါးပြတိုက်

Related posts

Leave a Comment

VOM News

FREE
VIEW