စစ်ကိုင်းတိုင်းမှာ ကျောင်းပြန်ဖွင့်တဲ့၁ လအတွင်း ဆရာ ၊ ဆရာမ ၈ ဦး ထက်မနည်း အသတ်ခံရ

ဇူလိုင် ၊ ၆-၂၀၂၂
SP( VOM)

၂၀၂၂ – ၂၃ ပညာသင်နှစ်အတွက် ကျောင်းပြန်ဖွင့်ခဲ့တဲ့ ၊ ၁ လအတွင်းမှာ စစ်ကိုင်းတိုင်းထဲက ပညာရေးဝန်ထမ်းကျောင်းဆရာ၊ဆရာမ ၈ ဦးထက်မနည်း အသတ်ခံရတယ်လို့ ပညာရေးဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

” အခု ကျောင်းပြန်ဖွင့်တဲ့ ၁ လအတွင်းမှာ အသတ်ခံရတဲ့ ကျောင်းဆရာ ၊ ဆရာမ ၈ ဦးထက်မနည်း ရှိတယ် ၊အဲ့ဒီအပြင် ဆက်သွယ်မရ လူမသိ သူမသိ ပျောက်ဆုံးနေတဲ့ ဆရာ ၊ဆရာမတွေက သေလား ရှင်လား မသိရသေးဘူး ” လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

မနေ့ ဇူလိုင် ၅ ရက် ၊ နေ့လယ်ပိုင်းက ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ ကျွန်းတောရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ ၁ ဦးနဲ့ ၊ ဆရာမ ၁ ဦးကို ကျွန်းတောရွာနဲ့ အင်ပင်ကြီးရွာကြား ရွာချင်းဆက်လမ်းတံတားနားမှာ လက်ကိုနောက်ပြန်ကြိုးတုပ်ပြီး ခေါင်းဖြတ်သတ်ခဲ့တဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အခုလ ၁ ရက်နေ့ ၊ နေ့လယ်ပိုင်းကလည်း မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ်မှာ မြို့နယ်ပညာရေးမှူးရုံးကနေ ပြန်လာတဲ့ ကျောင်းဆရာ ၁ ဦး လမ်းမှာ အသတ်ခံရပါတယ်။

သေဆုံးသူ အလယ်တန်းပြကျောင်းဆရာ ဦးနေစိုး ဆိုသူဟာ ဖောင်းပြင်မြို့နယ်၊ သရောင်းကျေးရွာမှာ နေထိုင်သူဖြစ်ပြီး မြို့နယ်ပညာရေးမှူးရုံးကနေ တာဝန်ကျရာ ထောမကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းကို ပြန်လာတဲ့လမ်းမှာ အသတ်ခံရတာဖြစ်ပါတယ်။

ဒါ့အပြင် အခုလ ၃ ရက်နေ့ ၊ နေလယ်ပိုင်းကလည်း ကောလင်းမြို့နယ် ၊ သရက်ခုံကျေးရွာနေ မူလတန်းပြ ကျောင်းဆရာ ဦးဇော်ဝင်းသိန်း ဆိုသူလည်း သူတာဝန်ကျရာ မောင်းကော်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းကို သွားတဲ့လမ်းမှာ အသတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီ အသတ်ခံရတဲ့ မူလတန်းပြ ကျောင်ဆရာ ဦး​ဇော်ဝင်းသိန်းရဲ့ ညီမဖြစ်သူ သရက်ခုံကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ ဒေါ်ဥမ္မာဝင်း ဆိုသူလည်း အဲ့ဒီ နေ့က ၁ ရက်ထဲမှာပဲ အိမ်မှာရှိနေတုန်း အသတ်ခံရပြန်တယ်လို့ သိရပါတယ်။

အခုနှစ် ကျောင်းပြန်စဖွင့်ခဲ့တဲ့ ဇွန်လ ပထမပတ်ထဲမှာ မုံရွာမြို့နယ် ၊စည်သာကျေးရွာ အခြေခံပညာကျောင်းမှာ ကျောင်းအုပ်တာဝန် ထမ်းဆောင်နေတဲ့ ဆရာမကြီးဟာ မုံရွာမြို့ကနေ သူတာဝန်ကျရာ ကျောင်းကိုအသွား မုံရွာ-အရာတော် ကားလမ်း ထနောင်းဝင်းရွာနဲ့ ကျောက္ကာရွာကြားက လမ်းမှာ အသတ်ခံရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့နဲ့ တရက်တည်း ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ ဘိုတဲကျေးရွာက ကျောင်းအုပ်ဆရာမ ညီအစ်မ ၂ ယောက်လည်း နေအိမ်မှာတင် အသတ်ခံရတဲ့ ဖြစ်စဥ် ထပ်မံဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းထဲက မုံရွာ ၊ ဝက်လက် ၊ ကောလင်း ၊ ဒီပဲယင်း နဲ့ ဖောင်းပြင်မြို့နယ်တွေက ပညာရေးဝန်ထမ်း ဆရာ ၊ ဆရာမ ၈ ဦးထက်မနည်းဟာ အခုနှစ် ကျောင်းပြန်ဖွင့်ချိန် ၁ လအတွင်း အသတ်ခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW