စိုက်ပျိုးစရိတ်ချေးငွေတွေပြန်မဆပ်ရင် အရေးယူမယ်ဆိုလို့ လုပ်ကိုင်နေတဲ့ လယ်တွေပေါင်ပြီး ပြန်ဆပ်နေရ

ဇူလိုင် ၆ ၊ ၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်မှာ စိုက်ဘဏ်ချေးငွေတွေအပြင် သမဝါယမချေးငွေတွေကို ပြန်မဆပ်ရင် အရေးယူမယ်ဆိုလို့ လုပ်ကိုင်နေတဲ့လယ်တွေကို ပေါင်ပြီး ပြန်ဆပ်နေရတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

”မဆပ်နိုင်သူတွေကများပါတယ်၊ မဆပ်နိုင်တဲ့သူတွေကို အရေးယူမယ်ဆိုလို့ လုပ်နေတဲ့လယ်ကို သူများဆီမှာ တရာသီအပေါင်ထားပြီး ပြန်ဆပ်နေရတယ်၊ ပြန်မဆပ်ရင် အရေးယူမယ်ဆိုပြီး အသိပေးလာတာကြောင့်ပါ၊ ချေးငွေတွေကို ပြန်ဆပ်ဖို့က စပါးတွေအထွက်လျော့ကျခဲ့လို့တာရယ် စိုက်ပျိုးစရိတ်တွေမတတ်နိုင်တော့လို့ မစိုက်ဘဲထားခဲ့ရတာတွေကြောင့် လက်ထဲငွေမရှိဖြစ်ပြီး ပြန်မဆပ်နိုင်တာပါ။ဒီနှစ် အတော်ဒုက္ခရောက်နေပါတယ်ဆို စိုက်ဘဏ်ချေးငွေအပြင်သမချေးငွေကလည်းတွန်း ဖိအားပေးတောင်းနေတယ်”လို့ ဘိုကလေးမြို့နယ် ဒေသခံတောင်သူတဦးကပြောပါတယ်။

တောင်သူတွေအနေနဲ့ မိမိတို့ထုတ်ချေးထားတဲ့စိုက်ဘဏ်ချေးငွေတွေ ပြန်ပေးဆပ်ဖို့ပျက်ကွက်ပါက ဘဏ်ရဲ့တည်ဆဲဥပဒေအရလည်းကောင်း၊မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့လည်းကောင်း အရေးယူမှာဖြစ်တယ်လို့ ချေးငွေကျန်တဲ့ တောင်သူတွေဆီကို သတိပေးစာနဲ့ အကြောင်းကြားလာတာကြောင့် ငွေကြေးတတ်နိုင်သူတွေဆီကို လယ်တွေပေါင်းပြီးပြန်ဆပ်နေရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သမဝါယမချေးငွေထုတ်ချေးထားတဲ့ တောင်သူတွေကိုလည်းကျေးရွာတွေအထိ ကွင်းဆင်းတွေ့ဆုံပြီးတော့ ချေးငွေတွေကိုပြန်လည်ပေးဆပ်ခိုင်းနေပြီး ပေးဆပ်ဖို့သတ်မှတ်ရက်ကျော်လွန်သူတွေကို ဒဏ်ကြေးတွေပါ ဆောင်ခိုင်းနေတယ်လို့ သိရပါတယ်။

“သမချေးငွေကလည်း နင်လားငါလား တောင်းနေတယ်၊ ကျေးရွာတွေအထိကို လာတောင်းနေတာ၊ ကျွန်တော်တို့တောင်သူတွေကတော့ အရစ်ကျပြန်တောင်းမှ အဆင်ပြေမယ်ထင်တယ်၊ ဥပမာ သိန်းသုံးဆယ်သမားကို တနှစ် ဆယ်သိန်းပြန်တောင်းတာမျိုး အဲ့ဒီလိုမျိုးမဟုတ်ရင်လည်း အတိုးငွေကိုပဲပြန်ကောက်တာဆို အဆင်ပြေနိုင်တာပေါ့၊ ချေးငွေဆိုတဲ့စနစ်ကြီးမရှိရင် လည်းကောင်းတာပါပဲ။”လို့ တောင်သူတဦးကပြောပါတယ်။

ချေးငွေအတင်းပြန်တောင်းတာနဲ့ပတ်သက်ပြီး တောင်သူလယ်သမားအရေးဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေတဦးက”အဲ့ဒီချေးငွေတွေက NLD အစိုးရလက်ထက်က ချေးထားခြင်းဖြစ်တယ်၊ လက်ရှိမှာ တောင်သူတွေ အဖက်ဖက်ကနေ ခက်ခဲနေတဲ့အချိန်ပြန်ပေးဆပ်ဖို့ ကျပ်တည်းနေရင်နောက်ဆုပ်ပေးသင့်တယ်လို့ယူဆတယ်၊ တောင်သူတွေ ကိုယ့်လယ် ကိုယ်စိုက်ဖို့တောင် ရုန်းကန်နေရတာကို ချက်ချင်းအတင်းတောင်းဖို့ မသင့်ဘူးလို့ပြောချင်တယ်၊ သို့သော် တောင်သူတွေက နီးရာဓါးကြောက်နေရတာပါ ဒါ့ကြောင့်ဆပ်နေကြရတာဖြစ်တယ်။”လို့ပြောပါတယ်။

ဧရာဝတီတိုင်းမှာ အခုနှစ်မိုးစပါးစတင်စိုက်ပျိုးချိန်ကစလို့ ဓါတ်မြေဩဇာတွေ ဈေးအဆမတန်တက်တာနဲ့
ဒီဇယ်၊ဓါတ်ဆီဈေးတွေတက်နေလို့ စပါးတွေ ဧကပြည့်
အောင် မစိုက်နိုင်ဖြစ်နေတဲ့အပြင် စပါးအပင်ဖျက် ရွှေခရုတွေကျရောက်နေလို့ အခက်ခဲပေါင်းစုံနဲ့ရင်ဆိုင်နေကြရတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဘိုကလေး

Related posts

Leave a Comment

VOM News

FREE
VIEW