တမူးမြို့မှာ အိန္ဒိယ ဧည့်နိုင်ငံသား ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဇူလိုင် ၊ ၆ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ တမူးမြို့ ၊ စော်ဘွားရပ်ကွက် ၊ အခြေခံပညာအထက်တန်းကျောင်းနားမှာ မနေ့ ဇူလိုင် ၅ ရက် ၊ နေ့လယ်ပိုင်းက တမူးမြို့ထဲကို အလည်အပတ်ဝင်ရောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၂ ယောက်ကို အမည်မသိ သေနတ်သမားတွေက ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ တမူးမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဖြစ်တာက နေ့လယ်၁ နာရီဝန်းကျင်မှာ ပါ ၊ ကျည်ဆံဖောက်ဝင်ဒဏ်ရာတွေနဲ့ ၂ ယောက်လုံး သေဆုံးနေတာပါ ၊ သေဆုံးသူတွေက အိန္ဒိယနိုင်ငံသားတွေဖြစ်တယ် ၊ အခုတော့ အလောင်းတွေ ဆေးရုံပို့ထားတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အိန္ဒိယနိုင်ငံသား ၂ ယောက် ပစ်သတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တမူးခရိုင် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ဦးက

” အိန္ဒိယဘက်ကနေ တမူးဘက်ကို ရောက်နေတဲ့ ဧည့်နိုင်ငံသား ၂ ယောက် အသတ်ခံရတာပါ ၊ လက်နက်ကိုင် အကြမ်ဖက်အဖွဲ့တခုက ပစ်သတ်သွားတာ ၊ သေဆုံးသူ တွေက အိန္ဒိယနိုင်ငံ ၊ မိုးရေးမြို့မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ်Mr : P – Mohan နဲ့ အသက် ၃၅ နှစ်အရွယ်Mr : M – Iyarnar ဖြစ်တယ်” လို့ ပြောပါတယ်။

မြန်မာနယ်စပ် မဏိပူပြည်နယ်ဟာ အိန္ဒိယသူပုန်အဖွဲ့တွေရှိတာမို့ ဒီလူသတ်မှုဟာ မြန်မာနဲ့ပတ်သက်လား သူတို့အချင်းချင်းဇာတ်လမ်းတွေလားဆိုတာ တမူးလုံခြုံရေးအဖွဲ့တွေ စုံစမ်းနေရဆဲဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင် ကုန်သည်တွေကတော့ အရောင်းအဝယ်ထိခိုက်မှာ စိုးရိမ်နေပါတယ်။ နယ်စပ်ကုန်သည် တယောက်က

” မြန်မာ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက ၂ ခုရှိတယ် ၊ ချင်းတောင်လမ်းကြောင်းနဲ့ တမူးလမ်းကြောင်းဖြစ်တယ် ၊ ချင်းတောင်လမ်းကြောင်းကတော့ ခေတ်ပျက်နေတာ ၁ နှစ်ကျော်ပြီ ၊ အဲ့ဒါကြောင့် တမူးလမ်းကြောင်းကို ကုန်သည်တွေက အားပြုနေရတာ ၊ အိန္ဒိယဘက်က သူတို့နိုင်ငံသားတွေ အသတ်ခံရရင် ကုန်သွယ်ရေး လမ်းကြောင်း ပိတ်တတ်တဲ့ ဓလေ့ရှိတယ် ၊ အခုလည်း အဲ့ဒီလို ပိတ်မှာကို စိုးရိမ်နေရတယ် ” လို့ ပြောပါတယ်။

တမူးမြို့ဟာ မြန်မာ အိန္ဒိယ ၂ နိုင်ငံ နယ်စပ်မျဥ်းဘေးမှာ တည်ရှိပြီး မြန်မာဘက်က စျေးသည်တွေဟာ အိန္ဒိယ ဝယ်လက်ကို အမှီပြုနေရတာဖြစ်တယ်လို့ သိရပါတယ်။ အခုလို အိန္ဒိယနိုင်ငံသား ၂ ယောက် အသတ်ခံရတဲ့ ကိစ္စကို အခြေပြုပြီး ရောင်းဝယ်ရေး စျေးကွက်တွေ ထိခိုက်ဖြစ်ပေါ်လာမှာကို တမူးမြို့ခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တမူး #အိန္ဒိယနိုင်ငံသားသတ်ခံရ #မှုခင်း

Related posts

Leave a Comment

VOM News

FREE
VIEW