လင်းနို့ကကူးစက်တဲ့ ဗိုင်းရပ်စ်တမျိုး ဂါနာမှာ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေ

အက်ခရာ၊ ဇူလိုင်-၉-၂၀၂၂
မျိုးဆက်(VOM)

ဂါနာနိုင်ငံမှာ အီဘိုလာရောဂါလိုမျိုး ကူးစက်မှုမြင့်မားတဲ့ မာဘတ်ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သံသယရှိသူနှစ်ဦးကို တွေ့ရှိပြီးနောက် လူ ၃၄ ဦးကို ကွာရန်တင်း၀င်ခိုင်းထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

စောင့်ကြည့်ဖို့အတွက် ကွာရန်တင်း၀င်နေရသူတွေဟာ သံသယလူနာနှစ်ဦးနဲ့ အနီးကပ်ထိတွေ့မိသူတွေ ဖြစ်တယ်လို့ တာ၀န်ရှိသူတွေကဆိုပါတယ်။

ဂါနာတောင်ပိုင်း အေရှန်တီဒေသရှိ နေရာနှစ်ခုမှာ သံသယဖြစ်ဖွယ် မာဘတ်ဗိုင်းရပ်စ် ကူးစက်နိုင်ခြေကို အနီးကပ်စောင့်ကြည့်နေကြောင်း ဂါနာ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသွားတဲ့ သံသယလူနာနှစ်ဦးဟာ ဗိုင်းရပ်စ်ကူးစက်ခံနေရတာကို တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မာဘတ်ဗိုင်းရပ်စ်ကူးစက်မှုဟာ ဂါနာမှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနောက်အာဖရိကဒေသမှာတော့ ဒုတိယမြောက် ကူးစက်မှုလည်းဖြစ်ပါတယ်။

ရောဂါကူးစက်ခံရရင် လက္ခဏာတွေကတော့ ၀မ်းလျှောခြင်း၊ ဖျားနာခြင်း၊ ပျို့အန်ခြင်းတို့ဖြစ်ပြီး ဗိုင်းရပ်စ်ဟာ လင်းနို့တမျိုးကနေ စတင်ကူးစက်ခြင်းဖြစ်ပြီး ရောဂါကူးစက်ခံရသူနဲ့ တိုက်ရိုက်ထိတွေ့တာ၊ အရည်တွေ၊ မျက်နှာပြင်၊ ပစ္စည်းတွေနဲ့ ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ဂါနာအာဏာပိုင်တွေကတော့ ရောဂါနဲ့ပတ်သက်ပြီး နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဖြစ်နိုင်ခြေရှိတဲ့ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ လုပ်ဆောင်နေပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #အက်ခရာ

Related posts

Leave a Comment

VOM News

FREE
VIEW