မုံရွာခရိုင်ထဲမှာ လမ်းဘေးမိုင်းပေါက်ကွဲပြီး ထိမှန်သေဆုံးသူ ၁ လအတွင်း ၅ ဦးရှိ

ဇူလိုင် ၊ ၁၀ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၄ မြို့နယ်ထဲက လမ်းတွေမှာ မကြာခဏဆိုသလို လမ်းဘေးမိုင်းတွေပေါက်ကွဲပြီး ထိမှန်သေဆုံးသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်ကနေ အခုလ ဇူလိုင် ၉ ရက်အထိ ၁ လအတွင်း သေဆုံးသူ ၅ ဦးထက်မနည်း ရှိတယ်လို့ သတင်းမှတ်တမ်းတွေနဲ့ဒေသခံတွေဆီက သိရပါတယ်။

” မနေ့ညက ၈ နာရီဝန်းကျင်မှာ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ အောင်ချမ်းသာရွာနားက မုံရွာ မန္တလေးကားလမ်း မိုင်းကွဲတယ်၊ မန္တလေးကနေ မုံရွာဘက်ကို ကြွလာတဲ့ မုံရွေးကြေမုံဘက်က ဆရာတော်ရဲ့ကား မိုင်းထိမှန်တာပါ ၊ ကားမောင်းတဲ့သူ ဦးမင်းထက် ဆိုသူကတော့ နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတယ် ၊ ဆရာတော် ဥူးကုသလ ကတော့ ပြင်းထန်ဒဏ်ရာရလို့ ဆေးကုသနေရတယ် “လို့ ချောင်းဦးမြို့ခံ လူမှုကူညီရေးအဖွဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်း ဇူလိုင် ၃ ရက်က မုံရွာမြို့နယ်၊ ထနောင်းဝင်းကျေးရွာနဲ့ ရွှေဇလုတ်ရပ်ကွက်အကြား မုံရွာ အရာတော် ရွှေဘိုကားလမ်း မှာ ပေါက်ကွဲမှုဖြစ်ပြီး ရဲ ၁ ယောက် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက် ညနေပိုင်းက မုံရွာခရိုင် ၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာနဲ့ မင်းရွာကျေးရွာအကြားမှာရှိတဲ့ ကျေးရွာချင်းဆက်လမ်း မိုင်းပေါက်ကွဲတဲ့အတွက် လမ်းသွားလမ်းလာ လူ ၂ ဦးကို ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” ဖြစ်တာက ညနေပိုင်း ၃ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ သေဆုံးသူ ၂ ဦးက ငွေတွင်းရွာက ဦးလှမျိုးဝင်းနဲ့ သူ့မိန်းမ ဒေါ်ခင်ပြုံးတို့ဖြစ်တယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ် မဖြစ်ခင် ရက်ပိုင်းအလိုက မုံရွာမြို့နယ် တဲကြီးကုန်းရွာနဲ့ ကိုးပင်ရွာအကြား မုံရွာ အရာတော် ရွှေဘိုသွား သာစည်ကားလမ်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုမှာ အရာတော်မြို့နယ် ၊ ဘော်ကုန်းကျေးရွာဘက်ကနေ မုံရွာကို ဆိုင်ကယ်စီးပြီး စျေးဝယ်လာတဲ့ အမျိုးသား ၂ ဦး မိုင်းစထိမှန် သေဆုံးခဲ့ပါတယ်။

သူတို့ ၂ ဦး သေဆုံးတဲ့နေရာနဲ့ မလှမ်းမကမ်းနေရာမှာပဲ ရက်ပိုင်းခြားပြီး လူ ၁ ဦး မိုင်းစထိမှန် သေဆုံးခဲ့ပါသေးတယ်။

အဲ့ဒီအပြင် မုံရွာမြို့နယ် သာစည်ကျေးရွာမှာရှိတဲ့ အောင်ချမ်းသာကျောင်းတိုက် ဆရာတော်ရဲ့ကား မုံရွာကနေ ပြန်လာတဲ့အချိန် အဲ့ဒီနေရာမှာပဲ မိုင်းစထိမှန်ပြီး ဆရာတော် ဒဏ်ရာရခဲ့တာ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒါကြောင့် မုံရွာခရိုင်ထဲက လမ်းတွေပေါ်မှာ သွားလာနေရင်း မိုင်းစထိမှန် သေဆုံးရသူ အရေးအတွက်ဟာ ၁ လအတွင်း ၅ ဦး ထက်မနည်းရှိခဲ့တာလို့ လက်လှမ်းမီသမျှ ပြုစုထားတဲ့ အရေအတွက်ကို သိရတာဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ သေဆုံးသူ အရေအတွက်စာရင်းဟာ အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးရတဲ့ စာရင်းသာဖြစ်ပြီး ပဋိပက္ခကြောင့် မိုင်းစထိမှန်သေဆုံးရတဲ့ အရေအတွက် ကိန်းဂဏန်းတွေ ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာခရိုင် #လမ်းဘေးမိုင်း #တလအတွင်းသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW