ရေစကြိုနယ် ကံသစ်ရွာသား ၁၆ ဦး ဖမ်းဆီးခံရပြီး ဆက်သွယ်မရ ပျောက်ဆုံးနေ

ဇူလိုင် ၊ ၁၀ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ကံသစ်ကျေးရွာက ရွာခံအမျိုးသား ၁၆ ဦးဟာ မနေ့ ဇူလိုင် ၉ ရက် မနက်အစောပိုင်းက ရွာထဲဝင်ဖမ်းတာကိုခံရပြီးနောက် ဒီကနေ့ထိ ဆက်သွယ်မရဘဲ ပျောက်ဆုံးနေတာဖြစ်တယ်လို့ ကံသစ်ရွာခံတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ အဲ့ရွာသား ၁၆ ယောက်ကို ရွာထဲဝင်ပြီး ဖမ်းသွားတာပါ ၊ ဒီမနက်ပိုင်းအထိ ဆက်သွယ်မရတော့ ကျန်ရစ်တဲ့ မိသားစုတွေက စိတ်ပူနေကြတာ ” လို့ ကံသစ်ရွာခံတယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ကံသစ်ရွာက အဖမ်းခံလိုက်ရတဲ့ လူ ၁၆ ယောက်နဲ့ ပတ်သက်ပြီးတော့ ဆက်ပြောတာက ” ကိုမြင့်ကြည် ၊ ကိုထွန်းရီ ၊ ကိုအောင်စိုးမိုး ၊ ကိုငဖိုး ၊ ကိုဝင်းလှိုင်ရွှေ ၊ ကိုစိုးမင်းသူ ၊ ကိုအောင်လွင် ၊ ကိုတင်မောင်ကျော် ၊ ကိုမဲ ၊ ကိုမောင်ထက် ၊ ကိုအေးဝင်း ၊ ကိုဟန် မြင့် ၊ ကိုမျိုးမင်းသူ ၊ ကိုမျိုးချစ် ၊ ကိုညွန့်စန်း နဲ့ နောက်တယောက်နာမည်က မေးထားတုန်း “လို့ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတယောက်ရဲ့ မိတ်ဆွေတဦးက” အခုတလော အသေအပျောက်တွေကများနေတော့ အခုဖမ်းသွားတဲ့လူတွေ တစုံတခုဖြစ်သွားမှာကို စိုးရိမ်မိတယ် ၊ နောက်ပြီး အခုထိ ဆက်သွယ်မရသေးတော့ ပိုပြီး စိတ်ပူရတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ကံသစ်ရွာသား ၁၆ ယောက်ကို ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာကို သိရဖို့အတွက် ပခုက္ကူခရိုင်လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

#voiceofmyanmar #VOM # #ရေစကြို #ကံသစ်ရွာခံ၁၆ဦး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW