မုံရွာ – မန္တလေး ကားလမ်းမှာ ခရီးသည်တင် မှန်လုံကား ၁ စီး မိုင်းထိမှန်ပြီး လူ ၁ ဦးသေ ၊ ၁၂ ဦး ဒဏ်ရာရ

ဇူလိုင် ၊ ၁၂ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းမြို့နယ် ၊ ခင်မွန်ကျေးရွာအနီး ၊ မုံရွာ-မန္တလေး ကားပေါ်မှာ မနေ့ ဇူလိုင် ၁၁ ရက် ညနေပိုင်းက ခရီးသည်တင် ကား ၁ စီး မိုင်းထိမှန်ပြီး လူသေဆုံးတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

“ဖြစ်တာက မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ မုံရွာ-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၇၁ /၂ နဲ့ ၃ အကြား ခင်မွန်ရွားနားမှာ ဖြစ်တယ် ၊ ခရီးသည်အများအပြား ဒဏ်ရာရတယ် “လို့ ဒေသခံပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် မိုင်းထိမှန်တဲ့ မှန်လုံယာဥ်ပေါ်မှာ လိုက်ပါတဲ့ ခရီးသည် ၁၃ ဦး ဒဏ်ရာရတဲ့အထဲက ဦးငြိမ်းကိုအောင် ဆိုသူဟာ ရရှိဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

အဲ့ဒီမိုင်းထိမှန်တာနဲ့ ပတ်သက်ပြီး ၊ မုံရွာခရိုင် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတဦးက ” ရွှေသလ္လာ Express ကားဖြစ်တာပါ ၊ အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ လက်လုပ်မိုင်း ထိမှန်တာဖြစ်တယ် ၊ လူနာ ၁၂ ယောက်ရဲ့ကျန်းမာရေးအခြေအနေက စိုးရိမ်ရတဲ့အခြေအနေ မရှိတော့ပါဘူး “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လကနေ အခုနှစ် ဇူလိုင် ၁၁ ရက်အထိ စစ်ကိုင်းတိုင်းထဲက မုံရွာ-မန္တလေးကားလမ်း ၊ မုံရွာ-ရေစကြို-ပခုက္ကူကားလမ်း ၊ စစ်ကိုင်း-ရွှေဘိုကားလမ်း ၊ ရွှေဘို-မြစ်ကြီးနားကားလမ်း ၊ မုံရွာ-ယင်းမာပင်-ပုလဲ-ဂန့်ဂေါကားလမ်း ၊ ဂန့်ဂေါ-ကလေးကားလမ်း ၊ မုံရွာ-ဘုတလင်-ရေဦး-တန့်ဆည်-ကလေးဝ ကားလမ်း ၊ မုံရွာ-အရာတော်-ရွှေဘိုကားလမ်းစတဲ့ အဲ့ဒီ ကားလမ်းတွေမှာ မိုင်းပေါက်ကွဲမှုအကြိမ်ရေ ၄ ရာနီးပါးရှိခဲ့ပြီး သေဆုံးသူ ၂၀ ကျော်နဲ့ ဒဏ်ရာရသူ လူ ၁ ရာထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ လမ်းတွေမှာ မိုင်းထိတဲ့ ကားတွေဟာ ခရီးသည်တင်ကား ၊ ကုန်တင်ကား ၊ ဘုန်းကြီးကား ၊ လူနာတင်ယာဥ်နဲ့ နောက်တွဲယာဥ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ပြီးခဲ့တဲ့ရက်ပိုင်းက မုံရွာ-အရာတော်-ရွှေဘိုကားလမ်း ၊ ဝါးတန်းရွာနဲ့ ကျွန်းဖိုပင်ရွာအကြားမှာ မုံရွာ-ရွှေဘို ခရီးသည်တင် မှန်လုံးကား ၁ စီး မိုင်းထိမှန်ပြီး ကားပေါ်ပါ ခရီးသည် ၉ ဦး ထိမှန်ဒဏ်ရာရတာဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ချောင်းဦး #ခရီးသည်တင်ကား #မိုင်းထိ

Related posts

Leave a Comment

VOM News

FREE
VIEW