ရွှေဘိုမြို့က စီးပွားရေးလုပ်ငန်းရှင် ၂ ဒါဇင်ကျော် အကြမ်းဖက်ဥပဒေတွေနဲ့ ဖမ်းဆီးခံထားရ

ဇူလိုင် ၊ ၁၃ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် ၂၀ ကျော်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအရ ဖမ်းဆီးခံထားရတယ်လို့ ရွှေဘိုမြို့ခံ ရှေ့နေအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းနဲ့ အသက်ဝမ်းမွေး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ ဖမ်းဆီးခံရတာ ၂ ဒါဇင်ကျော်လောက်ရှိနေပြီ ” လို့ ဒေသခံ တရားလွှတ်တော် ရှေ့နေတယောက်က ပြောပါတယ်။

အဲ့ဒီလို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က ” နိုင်ငံပိုင် သတင်းဌာနတွေကနေ နေ့စဥ် အသိပညာပေး ထုတ်ပြန်ပြီးဖြစ်တယ် ၊ အကြမ်းဖက်မှုဆိုင်ရာကိစ္စတွေနဲ့ မပတ်သက်ဖို့ တားမြစ်ထားတဲ့ကြားက ပတ်သက်နေတယ်ဆိုတာ စစ်ဆေးတွေ့ရှိရလို့ ဖမ်းဆီးတာပါ ၊ အဲ့ဒီလို မဆင်မခြင်ရပ်တည်မှုကြောင့် အဖမ်းခံထားရတဲ့သူ အရေအတွက်များတယ်”လို့ ပြောပါတယ်။

မနေ့ ဇူလိုင် ၁၂ ရက် မနက်ပိုင်းက ရွှေဘိုမြို့ဦး ရပ်ကွက် ၊ အမှတ် ၁၀ စက်မှုဇုန်းလမ်းမှာနေတဲ့ အောင်လံ မုန့်တိုက်လုပ်ငန်း ပိုင်ရှင် ဒေါ်စန်းစန်းအေး ဆိုသူကို အကြမ်းဖက်တွေကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး ဖမ်းဆီးခဲ့တာ ရှိပါတယ်။

ဒါ့အပြင် မနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်အချိန်ကလည်း ရွှေဘိုမြို့ ၊ အမှတ် ၃ ရပ်ကွက် ၊ သက္ကယ်တန်းရပ်မှာနေတဲ့ ခိုင်ရွှေဝါ ပွဲရုံလုပ်ငန်းပိုင်ရှင် ဦးဘိုလေးနဲ့ သူ့ရဲ့မိန်းမ ဒေါ်တူးတူးမာ တို့ လင်မယား ၂ ယောက်ကို အကြမ်းဖက်တွေကို ကူညီထောက်ပံ့နေတယ်ဆိုကာ ရွှေဘို-မြစ်ကြီးနားလမ်း ရွှေဘိုမြို့ထွက် ပူးပေါင်းဂိတ်က ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့ လတွေကလည်း ရွှေဘိုမြို့ပေါ်မှာရှိတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုလုပ်ငန်းရှင် ၊ အလှပြင်ဆိုင် လုပ်ငန်းရှင် ၊ ကွန်ပျူတာ စာစီစာရိုက် လုပ်ငန်းရှင် ၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် ၊ ပွဲရုံလုပ်ငန်းရှင်တွေ ၊ကုန်ထုတ်လုပ်ရေး စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အခြား စီးပွားရေး လုပ်ကိုင်သူ လုပ်ငန်းရှင်၂၀ ကျော် ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံထားရသူတွေထဲမှာ တချို့ဆိုရင် နှစ်ဝက်နီးပါး အချိန်ကြာမြင့်နေပေမယ့် မိသားစုတွေနဲ့ ဒီကနေ့အထိ တွေ့ဆုံခွင့် မရကြသေးဘူးလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဘို #စီးပွားရေးလုပ်ငန်းရှင် #ဖမ်းဆီးခံထားရ

Related posts

Leave a Comment

VOM News

FREE
VIEW