ရွှေဘို မြစ်ကြီးနား ကားလမ်းမှာ ခရီးသည်တင် ကား မိုင်းထိပြီး ၁ ဦးသေ ၊ ၈ ဦး ဒဏ်ရာရ

ဇူလိုင် ၊၊ ၁၃ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ဘောကျေးရွာနားက ရွှေဘို မြစ်ကြီးနား ကားလမ်းပေါ်မှာ မနေ့ ဇူလိုင် ၁၂ ရက် မနက်ပိုင်းက ခရီးသည်တင် မှန်လုံကား ၁ စီး ၊ မိုင်းထိမှန်ပြီး ခရီးသည်တချို့ ဒဏ်ရာရတာနဲ့ သေဆုံးတာတွေ ဖြစ်ခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဖြစ်တာက မနက် ၁၀ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ မြစ်ကြီးနား မန္တလေး ခရီးသည်တင် မှန်လုံကား ကောင်းမြတ်ဟိန်း မိုင်းထိမှန်ပြီး ခရီးသည်တွေ ဒဏ်ရာရတာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် ခရီးသည်တင်ကား မိုင်းထိမှန်တာနဲ့ ပတ်သက်လို့ ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ” သေဆုံး ၊ ဒဏ်ရာရ သူတွေကတော့ မစောဖြူဌေး ဆည်ကုန်းကျေးရွာ၊ တောင်သာမြို့နယ်နေသူ သေဆုံးသွားခဲ့ ပြီး ၊ မမြမြထွေး ဆည်ကုန်းကျေးရွာ၊ တောင်သာမြို့နယ်နေသူ၊ စိုးစိုးမေ ထနောင်းကုန်း ကျေးရွာ၊ မြင်းခြံမြို့နယ်နေသူ၊ မအေးအေးဖြူ ဆည်ကုန်းကျေးရွာ၊ တောင်သာမြို့နယ်နေသူ၊ ကိုဌေးဝင်း ရွာမကျေးရွာ၊ ကျောက်ပန်းတောင်းမြို့နယ်နေသူ၊ ကိုသန်းထွန်းမြင့် ဆည်ကုန်း ကျေးရွာ၊ တောင်သာမြို့နယ်နေသူ၊ မဝင်းဝင်းသန့် ဒီးဒုတ်ကုန်းကျေးရွာ၊ ပေါက်မြို့နယ်နေ သူ၊ မခင်နွယ်ဝင်း ဆည်ကုန်းကျေးရွာ၊ တောင်သာမြို့နယ်နေသူ၊ ကိုလှမင်းပို ဆည်ကုန်း ကျေးရွာ၊ တောင်သာမြို့နယ်နေသူတို့ ထိခိုက်ဒဏ်ရာရှိခဲ့တာ ” လို့ ပြောပါတယ်။

ဇူလိုင် ၁၁ ရက် ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် ၊ ခင်မွန် ကျေးရွာနားက မုံရွာ မန္တလေး ကားလမ်းပေါ်မှာ မိုင်း ၄ လုံး ဆက်တိုက်ပေါက်ကွဲခဲ့လို့ မုံရွာ ရန်ကုန် ခရီးသည်တင် ရွှေသလ္လာကားပေါ်ပါ ခရီးသည် ၁ ဦး သေဆုံးပြီး ၊ ခရီးသည် ၁၂ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ဇူလိုင်၁၀ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ကသာခရိုင်အင်းတော်မြို့နယ် ၊ နတ်မဟုတ်ကြီးရွာနားက ရွှေဘို မြစ်ကြီးနား ကားလမ်းမှာ နောက်တွဲ ဆီသယ်ဘောက်ဆာကား ၁ စီး လက်နက်ကြီးနဲ့ ထုခံရတဲ့အတွက် မီးလောင်ပျက်စီးခဲ့ပါသေးတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မုံရွာခရိုင် အရာတော်မြို့နယ် ၊ ဝါးတန်းကျေးရွာနဲ့ ကျွန်းဖိုပင်ကျေးရွာ မုံရွာ အရာတော် ရွှေဘို ကားလမ်းပေါ်မှာ မုံရွာ ရွှေဘို ခရီးသည်တင် မှန်လုံကား မိုင်း ၈ လုံး ပေါက်ကွဲ ထိမှန်ပြီး ခရီးသည် ၉ ဦး ဒဏ်ရာရခဲ့တာလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဘိုမြစ်ကြီးနားကားလမ်း #ခရီးသည်တင်ကားမိုင်းထိ

Related posts

Leave a Comment

VOM News

FREE
VIEW