မန္တလေး KBZဘဏ်ခွဲ-၄၂မှာ ဘဏ်ကောင်တာပေါ် လက်လုပ်မိုင်းတင်သွားပြီး သိန်း ၁၈၀၀ခန့် ဓားပြတိုက်ခံရ

ဇူလိုင် ၁၅-၂၀၂၂
Voice Of Myanmar

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈လမ်းနဲ့ စက်မှုပန်းခြံအနီးက KBZဘဏ်ခွဲ-၄၂မှာ ဒီကနေ့ နေလယ် ၁၂နာရီကျော်အချိန်ခန့်က လက်လုပ်မိုင်း တလုံးကို ဘဏ်ကောင်တာပေါ်တင်ပြီး သိန်း ၁၈၀၀ ခန့် ဓားပြတိုက်သွားတဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ရဲနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရဲနဲ့နီးစပ်သူတဦးက ” ဓားပြတိုက်သွားတာ သိန်း ၁၈၀၀ ခန့်မှန်းလို့ သိရတယ်၊ စိစစ်နေတုန်းမို့ အတိအကျမပြောနိုင်သေးဘူး”လို့ ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် ဒေသခံတဦးကလည်း” ဆိုင်ကယ်နဲ့ဖြတ်သွားတုန်း စစ်သားတွေ ရဲတွေတွေ့လို့ အဲ့ဒီနားက လူတွေမေးကြည့်လိုက်တာ၊ ဘဏ်ဓားပြတိုက်ခံရတာ သိန်း ထောင်ကျော်ပါသွားတယ်တဲ့ ပြောလို့ သိရတာ”လို့ ပြောပါတယ်။

ဓားပြတိုက်သူ အမျိုးသား(၂)ဦးဟာ ဆိုင်ကယ်နဲ့ရောက်လာပြီး ဘဏ်ထဲဝင်ကာ ပစ္စတိုသေနတ်နဲ့ချိန်၊ “အားလုံးမှောက်နေလို့”ပြောဆိုခဲ့ပြီး ဘဏ်စားပွဲပေါ်က ငွေသား သိန်း၁၈၀၀နီးပါးကို ယူဆောင်သွားခဲ့တာလို့ သိ ပါတယ်။

ဒါ့အပြင် ဘဏ်မှာအသုံးပြုနေတဲ့ ကွန်ပျူတာ၂လုံးကိုလည်း အသင့်ပါလာတဲ့ ပုဆိန်နဲ့ ရိုက်ထုခဲ့ပြီး ဘဏ်ကောင်တာပေါ်မှာ လက်လုပ်မိုင်း(၁)လုံးကိုလည်း တင်သွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်း ၆၂၆၃ကြားရှိ KBZဘဏ်ခွဲ-၉မှာလည်း သေနတ်ပြီး ငွေကျပ် သိန်း(၄၀၀)ခန့် ဓားပြတိုက်သွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အဲ့ဒီဖြစ်စဉ်က ဓားပြတိုက်သူတွေကို ဖမ်းဆီးရရှိခဲ့တယ်လို့ နစက က သတင်းထုတ်ပြန်ထားတာလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #KBZဘဏ်ခွဲ၄၂ #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW