မူဆယ် – ပေါက် ခရီးသည်တင်လိုင်းကား ၁ စီး လုယူခံရ

ဇူလိုင် ၊ ၁၅ ၊ ၂၀၂၂
SP(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကနေ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်ကို မောင်းလာတဲ့ ခရီးသည်တင် လိုင်းကား ၁ စီးဟာ မနေ့ ဇူလိုင် ၁၄ ရက် မနက်ပိုင်းက ပေါက်မြို့နယ်ထဲအရောက်မှာ အမည်မသိ လက်နက်ကိုင် အဖွဲ့က ခရီးသည်တွေကို ကားပေါ်က ဆွဲချပြီး ကားကို လုယူသွားတယ်လို့ ခရီးသည်တွေဆီက သိရပါတယ်။

” ကားလုခံရတာက မနက် ၉ နာရီဝန်းကျင်မှာပါ ၊ လုခံရတဲ့နေရာက မကွေးတိုင်း ပေါက်မြို့နယ် ၊ အင်တိမ်ကျေးရွာနားမှာ ဖြစ်တယ် “လို့ ခရီးသည်တယောက်က ပြောပါတယ်။

အဲ့ဒီ ကားလုခံရတာနဲ့ပတ်သက်လို့ ပေါက်မြို့ ခရီးသည်တင်ယာဥ်လိုင်း ကြီးကြပ်ရေးအဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ယောက်က ” အလုခံရတဲ့ကားက အန်စာတုံး မှန်လုံအမျိုးအစား အဖြူရောင်ဖြစ်တယ် ၊ ပေါက်ရွှေပြည် ယာဥ်လိုင်းအသင်းက ကားဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီလို ကားလုခံရတဲ့ ဖြစ်စဥ်တွေဟာ ပေါက်မြို့နယ်ထဲမှာ အခုတကြိမ်တည်း ဖြစ်တာမဟုတ်ဘဲ ပြီးခဲ့တဲ့ ဇွန်လကလည်း ပခုက္ကူမြို့ပေါ်က ဘောလုံးကွင်း တိုက်တန်းက ပန့်နော်ဇယ်ဆိုင်မှာ အလုပ်အပ်ထားတဲ့ ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးရဲ့ကားလည်း အလုခံရပါသေးတယ်။

ဒါ့အပြင် ပခုက္ကူမြို့ စက်မှုဇုန်မှာရှိတဲ့ ကြံ့နှစ်ကောင် ဘိလပ်မြေဂိုဒေါင်က ဘိလပ်မြေသယ်တဲ့ တွဲကားကြီး ၂ စီးလည်း လုယူခံရပါတယ်။

အဲ့ဒါကြောင့် ပခုက္ကူခရိုင်ထဲမှာ ဆိပ်ဖြူ ၊ ရေစကြို ၊ ပေါက် ၊ မြိုင် စတဲ့ မြို့နယ်တွေဘက်မှာ ကားလုယူခံရတဲ့ဖြစ်စဥ် အကြိမ်ရေဟာ အခုနှစ် ဧပြီကနေ ဇူလိုင် ၁၄ ရက်အထိ ၁၀ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပေါက်

Related posts

Leave a Comment

VOM News

FREE
VIEW