ရေဦးမြို့နယ်မှာ လူနေအိမ် ၇၀ ကျော်မီးလောင်ပြီး ၊ လူ ၁ ဦး မီးလောင်သေဆုံး

ဇူလိုင် ၊ ၁၅ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ် ၊ မီးမောင်းကုန်းကျေးရွာမှာ ဇူလိုင် ၁၃ ရက်က လူနေအိမ်တွေ မီးရှို့ခံရပြီး သက်ကြီးရွယ်အို ၁ ဦး မီးလောင်သေဆုံးသွားတယ်လို့ ၊ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မီးမောင်းကုန်းရွာက လူနေအိမ်ခြေ ၁ ရာရှိတယ် ၊ အဲ့ဒီအထဲက အိမ်ခြေ ၇၀ မီးလောင်လို့ အိမ် ၃၀ ပဲကျန်တယ် ၊ ရွာမီးလောင်နေတဲ့အချိန် မပြေးမလွားနိုင်ပဲ အိမ်ထဲမှာ ကျန်နေခဲ့တဲ့ အသက် ၉၀ ကျော်အရွယ် အဖွား ဒေါ်သန်းထီ မီးလောင်ဆုံးသွားတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အခုလ ၈ ရက်ကစလို့ မနေ့ကအထိ ရေဦးမြို့နယ် ၊ စည်သာမြေ ၊ အင်ပထိုး ၊ ကူဖြူ နဲ့ လိန်တောရွာတွေဘက်ကို ရဟတ်ယာဥ်တွေနဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာပြီးနောက်ပိုင်း ထိတွေ့ ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ရေဦးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တ​​ယောက်က ” မနေ့က မင်းမောင်းကုန်းရွာနားမှာ ထိတွေ့တိုက်ပွဲငယ်ဖြစ်တယ် ၊ အလောင်း ၂ လောင်းနဲ့ လက်လုပ်သေနတ် ၂ လက် သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ရေဦးမြို့နယ် နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ မြေပြင်ရော လေကြောင်းကပါ နယ်မြေရှင်းလင်းရေးတွေ တိုးမြင့် လုပ်လာတဲ့အတွက် ဒေသခံရွာတွေက လူပေါင်း ၄ ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေဦး #နေအိမ်တွေမီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW