စစ်ကိုင်းတိုင်းမှာ ၁ ပတ်အတွင်း လမ်းဘေးမိုင်းကွဲမှုကြောင့် ၅ ဦးသေ ၊ ၃၀ ကျော် ဒဏ်ရာရ

ဇူလိုင် ၊ ၁၆-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်းက မြို့နယ်ချင်းဆက် လမ်းတွေပေါ်မှာ သွားလာနေရင်း မိုင်းထိမှန်လို့ ၁ ပတ် အတွင်း ဒဏ်ရာရသူ ၃၀ ကျော်နဲ့ သေဆုံးသူ ၅ ဦး ရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အခုလ ၉ ရက်ကနေ ၁၅ ရက်အထိ ဖြစ်သွားတဲ့ မိုင်းပေါက်ကွဲတဲ့ဖြစ်စဥ်တွေမှာ ထိမှန် သေဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရသူ ၃၀ ကျော်ရှိတာ “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အခုလ ၉ ရက်နေ့ ၊ ည ၈ နာရီဝန်းကျင်မှာ မန္တလေးမြို့ကနေ မုံရွာမြို့နယ် ၊ မုံရွေး ကြေးမုံရွာကို ကြွလာတဲ့ ဆရာတော် ၁ ပါးရဲ့ကားဟာ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ အောင်ချမ်းသာကျေးရွာအနီး ၊ မုံရွာ မန္တလေးကားလမ်းပေါ်မှာ မိုင်းထိမှန်တဲ့အတွက် ယာဥ်မောင်းဖြစ်သူ သေဆုံးသွားခဲ့ပြီး ဆရာတော် ဥူးကုသလ ဟာ ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

အဲ့ဒီနောက် အခုလ ၁၀ ရက် ၊ နေ့လယ်ပိုင်းက ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ စိုင်နိုင်လေး ကျေးရွာ ၊ မန္တလေး-ရွှေဘို ကားလမ်းဘေးမှာ မိုင်းပေါက်ကွဲတာကြောင့် လူ ၄ ဦးဟာ မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ၊ ခင်မွန်ကျေးရွာနားက မုံရွာ-မန္တလေး ကားလမ်းပေါ်မှာလည်း အခုလ ၁၁ ရက် ညနေပိုင်းက မိုင်း ၄ လုံး ဆက်တိုက်ပေါက်ကွဲပြီး မုံရွာ-ရန်ကုန် ခရီးသည်တင် ရွှေသလ္လာမှန်လုံကား ထိမှန်ပြီး ကားပေါ်ပါ ခရီးသည် ၁ ဦး သေဆုံးကာ ခရီးသည် ၁၂ ဦး ဒဏ်ရာရတာ ဖြစ်ခဲ့ပါတယ်။

အခုလ ၁၂ ရက် မနက်ပိုင်း ကန့်ဘလူမြို့နယ် ၊ ဘောကျေးရွာနား ရွှေဘို-မြစ်ကြီးနား ကားလမ်းမှာ မြစ်ကြီးနား-မန္တလေး ခရီးသည်တင် မှန်လုံကား ၁ စီး ၊ မိုင်းထိမှန်ပြီး ခရီးသည် ၁ ဦးသေ ၊ ၈ ဦး ဒဏ်ရာရတာဖြစ်ခဲ့ပါသေးတယ်။

အခုလ ၁၃ ရက်နေ့ကလည်း ကသာခရိုင် ၊ ဗန်းမောက်မြို့နယ် ၊ ကော်တောကျေးရွာရဲ့အနောက်ဘက် ခမ်းပတ်တောင်ခြေလမ်းမှာ မိုင်းပေါက်ကွဲတဲ့အတွက် ဒေသခံရွာသား ၃ ဦး ထိမှန်ဒဏ်ရာရတာ ဖြစ်ခဲ့ပါတယ်။

မနေ့.ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ဂွေးပင်တောကျေးရွာအနီး မုံရွာ -မန္တလေး ကားလမ်းမှာ မိုင်းပေါက်ကွဲပြီး ပုလဲ -မန္တလေး ခရီးသည်တင်ကား ထိမှန်ပြီး ကားပေါ်ပါ ခရီးသည် ၂ ဦးသေ ၂ ဦး ဒဏ်ရာရတာ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မနေ့ ဇူလိုင် ၁၅ ရက် ၊ နေ့လယ်ပိုင်းကပဲ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ပေကုန်း (တောင်)ရွာအဝင်လမ်းမှာ မိုင်းပေါက်ကွဲတာကြောင့် ချောင်းခြားကျေးရွာက လယ်လုပ်ပြန်လာသူ တောင်သူ ၂ ဦး ထိမှန် ဒဏ်ရာရခဲ့ပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းထဲက လမ်းတွေပေါ်မှာ သွားလာရင်း မိုင်ထိ သေဆုသူ ၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော် အထိ ၁ ပတ်အတွင်းရှိလာတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #လမ်းဘေးမိုင်းကွဲ #ထိခိုက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW