ရေဦးနယ်မှာ ၁ပတ်အတွင်း လူနေအိမ် ၁ ရာကျော်မီးလောင်၊ လူ ၁၀ ယောက်ထက်မနည်း သေဆုံး

ဇူလိုင် ၊ ၁၆ ၊၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်မှာ အခုလ ၈ ရက်ကနေ ၁၅ ရက်အထိ ၁ ပတ်အတွင်း လူနေအိမ် ၁ ရာကျော် မီးလောင်ပျက်စီးကာ ၊ လူ ၁၀ ယောက်ထက်မနည်း သေဆုံးရတယ်လို့ ရေဦးဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မီးရှို့ခံရတဲ့ ရွာက ၃ ရွာဖြစ်တယ် ၊ ထွက်ပြေးတိမ်းရှောင်ရင်း အသတ်ခံရတဲ့ လူ ၁၀ ယောက်ကတော့ ရွာ ၅ ရွာဖြစ်တယ် ” လို့ ဒေသခံပရဟိတသမားတယောက်က ပြောပါတယ်။

နေအိမ်တွေ မီးရှို့ခံရတာဟာ စည်သာမြေရွာမှာ ၂၃ အိမ် ၊ ကူဖြူရွာမှာက ၃၁ အိမ် နဲ့ မီးမောင်းကုန်းကျေးရွာမှာ ၇၂ အိမ် ဖြစ်ပြီး ၊ ၃ ရွာပေါင်း လူနေအိမ်ခြေ ၁၂၆ အိမ် မီးလောင်ခဲ့တာဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရင်းနဲ့ ကျည်ဆံထိမှန်သေဆုံးရတဲ့ လူ ၁၀ ယောက်ကတော့ မီးမောင်းကုန်းရွာမှာ ၁ ဦး ၊ လိန်တောရွာမှာ ၂ ဦး ၊ ကန်ပေါက်ရွာမှာ ၃ ဦး ၊ စည်သာမြေရွာမှာ ၂ ဦးနဲ့ ကူဖြူရွာမှာ ၂ ဦးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလ ၈ ရက်ကစလို့ နေရပ်စွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေရတဲ့ လူဦးရေဟာ ၂ ထောင်ကျော်ရှိပြီး အဲ့ဒီထဲက နေအိမ် မီးရှို့မခံရတဲ့ ဒေသခံ ၁၃၀၀ ကျော်လောက်ဟာ မနေ့ ညနေပိုင်းက နေရပ်ကို ပြန်ကြတာဖြစ်တဲ့အတွက် တိမ်းရှောင်နေရသူ ၇ ရာဝန်းကျင်လောက် ကျန်နေသေးတယ်လို့ သိရပါတယ်။

အဲ့ဒီ ကျန်နေတဲ့သူတွေဟာ နီးစပ်ရာတောတွေထဲနဲ့ ဆွေမျိုးသားချင်းတွေဆီ တိမ်းရှောင်နေကြရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေဦး

Related posts

Leave a Comment

VOM News

FREE
VIEW