အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ်ထဲမှာ မြန်မာနိုင်ငံသား ၁ ဦးဆီက ဘိန်းဖြူတွေဖမ်းမိ

ဇူလိုင် ၊ ၁၈ ၊ ၂၀၂၂
SP(VOM)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ နယ်စပ်ကားလမ်းဖြစ်တဲ့ ဇိုခေါ်သာရ်ရွာနဲ့ မီလ်ဘုတ်ရွာကြားမှာ အခုလ ၁၅ ရက်က မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁ ဦးကို မီဇိုရမ်းပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသဆိုင်ရာ သတင်းမီဒီယာတွေက ဒီကနေ့မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

အဲ့ဒီ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၁ ဦး အဖမ်းခံရတာနဲ့ ပတ်သက်ပြီး မီဇိုရမ်းကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ရဲဝန်ထမ်းဟောင်းတဦးက ” မူးယစ်ဆေးဝါးတွေနဲ့ အဖမ်းလိုက်ရတဲ့သူက စစ်ကိုင်းတိုင်း ကလေးမြို့နယ် ၊ လက်ပံချောင်းကျေးရွာမှာနေတဲ့ လျယ်ဇွီမောရာ ( Lalzuimawia) အသက် ၂၅ အရွယ် ဖြစ်တယ် ၊ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးက ဘိန်းဖြူအမျိုးအစား ၃၈ ဂရမ် ၊ အိန္ဒိယ ရူပီငွေ ၁၉ သိန်းဖိုးဖြစ်တယ် ၊ မြန်မာငွေနဲ့ဆို ၄၇၅ သိန်းဖြစ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အခုလ ၁၁ ရက်ကနေ ၁၇ ရက်အထိ ၁ ပတ်တာကာလအတွင်းမှာ မီဇိုရမ်း ပြည်နယ်ထဲမှာ တရားမဝင် လက်နက်ခဲယမ်းရောင်းဝယ်ဖောက်ကား ၊ သယ်ဆောင်မှု အပါအဝင် မူးယစ်ဆေးဝါး ပြဿနာကြောင့် ဖမ်းဆီးခံရသူတွေမှာ မြန်မာ နိုင်ငံသား ၉ ဦးပါဝင်နေတယ်လို့ မီဇိုရမ်းပြည်နယ်ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မြန်မာနယ်စပ်မှာ လက်နက်မှုနဲ့ မူးယစ်ဆေးဝါမှု ၂ မှုဖမ်းမိတာရှိပါသေးတယ်။

အခုလို မူးယစ်ဆေးဝါတွေ ဖမ်းမိတယ်ဆိုတဲ့ နယ်စပ်ဧရိယာမှာ မြန်မာနိုင်ဘက်က ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာဒုက္ခသည် ၃ သောင်းကျော် နေထိုင်နေတဲ့အတွက်လည်း တရားမဝင် မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကိစ္စတွေမှာ ဆက်နွယ်လာမှာ စိုးရိမ်တဲ့အတွက် မီဇိုရမ်း ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ စောင့်ကြပ်ကြည့်ရှု့ခံရတာတွေ ရှိလာတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မီဇိုရမ်းပြည်နယ် #မြန်မာနိုင်ငံသားတဦး #ဘိန်းဖြူတွေဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW