ဇလွန်မှာ ကျောင်းမတက်တဲ့ကလေးတွေကို စာရင်းလိုက်ကောက်နေလို့ မိဘတွေစိုးရိမ်နေ

ဇူလိုင် ၁၉-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ဇလွန်မြို့နယ်မှာ အခုနှစ် ကျောင်းမတက်တဲ့ ကျောင်းသားကျောင်းသူတွေရဲ့စာရင်းတွေကို ဇူလိုင်လ ဒုတိယအပတ်ကနေစတင်ပြီး လိုက်လံကောက်ယူနေတဲ့အတွက် ကျောင်းသား၊ကျောင်းသူတွေရဲ့မိဘတွေ စိုးရိမ်မှုမြင့်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

”ကျောင်းမတက်တဲ့ ကလေးတွေရဲ့စာရင်းတွေကိုလိုက်ကောက်နေတာ၊ကျေးရွာအုပ်ကြီးက ဦးဆောင်ပြီးတော့ ကောက်တာ၊ဘာလို့ကောက်တာလည်းဆိုတာကိုမပြောဘူး၊ တစ်ခုခုလုပ်မှာစိုးရိမ်တယ်၊ဖမ်းမှာဆီးမှာကို စိုးရိမ်တာ၊ ကျောင်းမတက်ရောက်တာလည်း အမျိုးမျိုးအခက်အခဲတွေကြောင့် မတက်ဖြစ်တာပါ။”လို့ ဇလွန်မြို့ခံတဦးကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးအုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတဦးက ”အထက်ကခိုင်းတာလို့ပဲ သိရတယ်၊ဘာလို့ကောက်တာလည်းဆိုတာ မသိရဘူး၊ဘာမှတော့လုပ်မယ်မထင်ပါဘူး၊ လာလို့မတက်တာလည်းဆိုတဲ့အချက်ကို ယူချင်တာဖြစ်ပါလိမ့်မယ်။”လို့ ပြောပါတယ်။

ဇလွန်မြို့နယ်မှာ ကျောင်းမတက်တဲ့ ကလေးတွေရဲ့ မိဘတွေအမည်နဲ့ ကလေးတွေရဲ့အမည်၊အသက်၊ ကျောင်းမတက်တဲ့အကြောင်းအရင်း၊ကျောင်းမတက်တဲ့ ကာလ၊ကျောင်းမတက်တဲ့ကလေးတွေလက်ရှိအိမ်မှာ ရှိ၊မရှိ လိုက်လံကောက်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။

”ကျောင်းမတက်လို့ကြောက်ရတာက တစ်မျိုး ၊
ကျောင်းတက်လို့ကြောက်ရတာက တစ်မျိုး ၊ကိုယ့်တွေရဲ့ အသက်တွေကိုဘယ်သူမှတာဝန်ယူပေးမှာမဟုတ်ဘူးလေ၊ ဒါ့ကြောင့် မတက်ခိုင်းခဲ့တာပါ၊အခုစာရင်းတွေလာ ကောက်တယ်၊ စာရင်းလာကောက်တာဆိုတော့ ကောင်းတဲ့အချက်တော့မဟုတ်ဘူး စိုးရိမ်နေရတယ်၊ ဒီကာလက အသေကျပ် အနေကျပ်ကာလပါ၊ပညာရေးကို ဦးစားပေးပါတယ်၊ ကလေးတွေကို စာလည်းတက်စေချင်တယ်၊ ဒါပေမယ့် အသက်ထက်လည်း ဘာမှအရေးမကြီးပါဘူးဆိုတော့ ဒီလိုပဲနေရတာပါ။”လို့ ဒေသခံတဦးကပြောပါတယ်။

ဇလွန်မြို့နယ်မှာ ဇူလိုင်လ ပြီးခဲ့တဲ့အပတ်ကလည်း Covid-19 ရောဂါကာကွယ်ဆေးထိုးထားခြင်း ရှိ၊မရှိ ဘာ့ကြောင့်မထိုးတာလည်းဆိုတဲ့ အချက်အလက်တွေကို စာရင်းလိုက်လံကောက်ယူခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဇလွန်

Related posts

Leave a Comment

VOM News

FREE
VIEW