အူရီဒူးက မြန်မာနိုင်ငံရှိ လုပ်ငန်းစုကို ရောင်းချပြီး ထွက်ခွာဖို့စီစဉ်နေ

ဒိုဟာ၊ ဇူလိုင်-၂၀-၂၀၂၂
မျိုးဆက်(VOM)

ကာတာဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးဟာ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းစုကို ရောင်းချဖို့ ဆွေးနွေးနေကြောင်း အဲဒီကိစ္စနဲ့နီးစပ်သူနှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ရောင်းချဖြစ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံကနေ လုပ်ငန်းတွေထွက်ခွာတဲ့ နိုင်ငံခြားကုမ္ပဏီတခုဖြစ်လာမှာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာပြည်တွင်းသုံးစွဲသူ ၁၅ သန်းနီးပါးထိရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ အူရီဒူးဟာ မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့လုပ်ငန်းစုကို ရောင်းချဖို့ရည်ရွယ်ထားကြောင်း စာတိုက်နဲ့ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကို အကြောင်းကြားထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အူရီဒူးရဲ့လုပ်ငန်းစုကို ၀ယ်ယူဖို့အလားအလာအရှိဆုံး ကုမ္ပဏီတွေကတော့ မြန်မာနိုင်ငံက Young Investment Group ၊ စင်ကာပူအခြေစိုက် ဆက်သွယ်ရေးကွန်ရက်ကုမ္ပဏီဖြစ်တဲ့ Campana Group ၊ ရွှေသံလွင်ရဲ့ SkyNet တို့ဖြစ်ကြောင်း ဒီကိစ္စကို တိုက်ရိုက်သိရှိထားတဲ့ သတင်းရင်းမြစ်တဦးက ရိုက်တာကို ပြောပါတယ်။

၀ယ်ယူမယ့် ကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေဟာ နောက်ဆုံးအဆင့်မရောက်သေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အူရီဒူးကို ရိုက်တာက အီးမေးလ်နဲ့ ဆက်သွယ်ပေမယ့် မှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးသလို ၀ယ်ယူလိုတဲ့ကုမ္ပဏီတွေကလည်း တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဒိုဟာ

Related posts

Leave a Comment

VOM News

FREE
VIEW