DICAမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအားလုံးရဲ့နိုင်ငံခြားဘဏ်စာရင်းထဲကဒေါ်လာကို မြန်မာငွေနဲ့လဲရမယ်

ဇူလိူင် ၂၁-၂၀၂၂
VOM (GG)

DICA ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအားလုံးရဲ့နိုင်ငံခြားဘဏ်စာရင်းထဲမှာရှိတဲ့ ဒေါ်လာငွေကို မြန်မာကျပ်ငွေ လဲလှယ်ရမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်လာအားလုံးကို မြန်မာငွေလဲလှယ်ခြင်းကို ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထားပြီး လုပ်ဆောင်ဖို့ ဘဏ်တွေကိုအကြောင်းကြားစာပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြားငွေကို မြန်မာကျပ်နဲ့လဲလှယ်တဲ့အခါ ဗဟိုဘဏ်သတ်မှတ်စျေး တဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ရောင်းချရမှာဖြစ်ပြီး ပြင်ပမှာတော့ တဒေါ်လာကို ၂၅၀၀ ကျပ်အထိ ဖြစ်နေပါတယ်။

” DICA မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်းက ၅၀၀၀၀ ကျော်လောက်ရှိတယ်၊ ပြည်ပရော ပြည်တွင်း ရောပေါ့”လို့ DICAမှ တာဝန်ရှိသူတဦးကပြောပါတယ်။

ဗဟိုဘဏ်ဟာ ဇူလိူင်လ ၁၅ ရက်နေ့က နိုင်ငံခြားသား ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းပါဝင်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေစာရင်းထဲက နိုင်ငံခြားငွေကိုသာ မြန်မာကျပ်ငွေ လဲလှယ်ရမယ်လို့ ကြေညာခဲ့ပြီးနောက် လက်ရှိမှာတော့ ကုမ္ပဏီအားလုံးပါဝင်တယ်လို့ ထပ်မံအသိပေးလာတာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် နိုင်ငံခြားသား ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ပါတဲ့ကုမ္ပဏီတွေအပါအဝင် ကင်းလွတ်ခွင့်ပယ်ဖျက်ထားတဲ့ ကုမ္ပဏီ၊အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအကုန်လုံး ဒေါ်လာကို ကျပ်နဲ့ လဲလှယ်ရမှာဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့အသိပေးစာမှာဖော်ပြထားတယ်လို့ သိရပါတယ်။

” ပထမတော့ နိုင်ငံခြားသား ၃၅ ရာခိုင်နူန်း ပါတဲ့ကုမ္ပဏီလို့ကြေညာတယ်၊ အခုထပ်ပြီး မှတ်ပုံတင်ထားတဲ့ကုမ္ပဏီအကုန်လုံးလို့ သတင်းတွေ့ရတယ်။ဒေါ်လာရဖို့ တခါထဲကြည့်ပြီး ကုမ္ပဏီထဲကငွေတွေကို အကုန်သိမ်းနေတာ လုပ်ငန်းရှင်တွေဘက်ကို ထည့်မတွက်တာလား၊သူတို့မှာဘယ်လိုအစီအစဥ်တွေရှိနေလို့လဲ မသိတော့ဘူး ” လို့ ပို့ကုန်လုပ်ငန်းရှင်တဦးကပြောပါတယ်။

ဗဟိုဘဏ်ဟာ ဇူလိူင် ၁၄ ရက်နေ့ကလည်း ပြည်တွင်းမှာ နိုင်ငံခြားငွေ ရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းနဲ့ အထက်ရှိတဲ့ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတွေကိုအရင် နိုင်ငံခြားသုံးငွေကန့် သတ်ချက်ကင်းလွတ်ခွင့်ပြုထားမှုကနေ ပြန်လည်ပယ်ဖျက်ကြောင်း ထုတ်ပြန်ထားပါတယ်။

နောက်ပြီး ပြည်ပချေးငွေရယူထားတဲ့ ကုမ္ပဏီတွေနဲ့အဖွဲ့အစည်းတွေအနေနဲ့လည်း ပြည်ပဘဏ်ချေးငွေ အတိုး နဲ့ အရင်းကို အခုကာလမှာ ပြန်ဆပ်တာတွေ ရပ်ထားဖို့ ထုတ်ပြန်အသိပေးထားပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာနေပြီး ပြည်ပဝင်ငွေရရှိသူတွေအနေနဲ့လည်း ရရှိလာတဲ့နိုင်ငံခြားငွေကို နေ့ချင်းအပြီး ဗဟိုဘဏ်သတ်မှတ်နူန်းနဲ့ မြန်မာငွေကို ချက်​ခြင်းလဲလှယ်ရမယ်လို့လည်း သတ်မှတ်ထားပါတယ်။

ဗဟိုဘဏ်ရဲ့ ညွှန်ကြားထားတဲ့ အချက်တွေအပေါ် လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၅ အရ အရေးယူသွားမှာဖြစ်တယ်လို့ လည်း အသိပေးထားပါတယ်။

ဗဟိုဘဏ်ရဲ့ထပ်ဆင့်ထုတ်ပြန်ချက်တွေ ထုတ်အပြီးမှာ အမေရိကန်ဒေါ်လာက တစ်ဒေါ်လာကို ၂၅၀၀ ကျပ်အထိ မြင့်တက်သွားပြီး ဝယ်ယူဖို့ခက်တဲ့အခြေအနေဖြစ်နေတယ်လို့သိရပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဗဟိုဘဏ်တာဝန်ရှိသူဆီ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး ။

#voiceofmyanmar #VOM #ဗဟိုဘဏ် #DICAမှာမှတ်ပုံတင်ထားတဲ့ကုမ္ပဏီအားလုံး #နိုင်ငံခြားဘဏ်စာရင်းထဲကဒေါ်လာကို #မြန်မာငွေနဲ့လဲရမယ်

Related posts

Leave a Comment

VOM News

FREE
VIEW