ကျောက်ဖြူ စနဲနယ်မြေရဲစခန်းမှူး စျေးဝယ်သွားရင်း ပျောက်ဆုံးနေ

ဇူလိုင် ၂၄ ၊ ၂၀၂၂
SP(VOM)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ စနဲနယ်မြေရဲစခန်းမှူးဟာ ဒီကနေ့ မနက်ပိုင်းက စနဲစျေးထဲမှာ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံလိုက်ရတယ်လို့ စနဲစျေးသည်တွေဆီက သိရပါတယ်။

” ဒီမနက် ၈ နာရီဝန်းကျင်က စျေးဝယ်လာတဲ့ စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းကို အရပ်ဝတ် လက်နက်ကိုင်ထားတဲ့ အဖွဲ့ ၁ ခုက ဖမ်းဆီးခေါ်ဆောင်သွားတာ ” လို့ စနဲစျေးမှာ စျေးရောင်းနေတဲ့ စျေးသည်တယောက်က ပြောပါတယ်။

အဲ့ဒီနောက် ဒီမနက် ၈ နာရီခွဲ ဝန်းကျင်ကစပြီး စနဲစျေးသည်တွေဟာ ဆိုင်တွေပိတ်ထားကြတယ်လို့ သိရပြီး စနဲမြို့ရဲ့နေရာတချို့နဲ့ ဆေးရုံနားဝန်းကျင်မှာ ပိတ်ဆို့စစ်ဆေးနေတာတွေရှိတာကြောင့် စနဲ ဒေသခံတွေဟာ သွားလာတာတွေမလုပ်ကြတော့ဘူးလို့လည်း ​သိရပါတယ်။

စနဲ နယ်မြေရဲစခန်းမှူး ပျောက်ဆုံနေတာနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

ဇူလိုင် ၁၈ရက် နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးကို အေအေကဖမ်းဆီးသွားပြီး ဇူလိုင် ၂၃ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တဲ့ဖြစ်စဥ်လည်း ရှ်ိခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာ မူလတန်းလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး နဲ့ ဆရာမတဦးကို အမည်မသိအဖွဲ့က ဖမ်းဆီသွားကာ ဇွန်လ ၂၂ရက်မှာ ငွေကျပ် သိန်းတထောင်ခန့်နဲ့ ပြန်ရွေးခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ဖြစ်စဥ်လည်း ဖြစ်ပါသေးတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့မှာ စစ်သား ၁ ဦး၊ ဇွန် ၂၀ ရက်နေ့မှာ ကျောက်တော်မြို့က ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၁ ရက်နေ့မှာ မြောက်ဦးမြို့က စရဖ တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၂ ရက်နေ့မှာ ရမ်းဗြဲမြို့က ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ ဇွန် ၂၃ ရက်နေ့မှာ စစ်တွေမြို့က တပ်သား ၂ ဦးဟာလည်း အလားတူ ပျောက်ဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #စနဲနယ်မြေစခန်းမှူး #ပျောက်ဆုံးနေ

Related posts

Leave a Comment

VOM News

FREE
VIEW