ကချင်ပြည်နယ်ထဲကို ရောက်လာတဲ့ စစ်ကိုင်းတိုင်းသားအများစု ဖမ်းဆီးထောင်ချခံနေရ

ဇူလိုင် ၊ ၃၀ ၊ ၂၀၂၂
SP(VOM)

ကချင်ပြည်နယ်ထဲကို ရောက်လာတဲ့ စစ်ကိုင်းတိုင်းသား ၂ ရာကျော်ဟာ ဖမ်းဆီးခံထားရပြီး အဲ့ဒီအထဲက လူတချို့ဟာ ထောင်ဒဏ်တွေချမှတ် ခံထားရတယ်လို့ မြစ်ကြီးနား နိုင်ငံရေးအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

” ဂိတ်တွေမှာ အဖမ်းခံရတာပါ ၊ ပြည်နယ်ဂိတ်အားလုံးနီးပါးက မှတ်ပုံတင် စစ်ဆေးတဲ့အခါ စစ်ကိုင်းတိုင်းသား (၅/ ) တွေဆိုရင် လူရော ဖုန်းပါ အသေးစိတ်စစ်တယ် ၊ ဖုန်းထဲမှာ အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ ပို့စ်တွေ ၊ ရှယ်ယာတွေ ၊ မန့်တွေ နဲ့ ဓာတ်ပုံတွေ တွေ့ရင် အမေးအမြန်းမရှိ ဖမ်းတယ် ၊ အဲ့ဒီလို အဖမ်းခံထားရတဲ့ စစ်ကိုင်းတိုင်းသား ( ၅ / ) ၂ ရာဝန်းကျင်ရှိမယ် ၊ တချို့လည်း ပြစ်ဒဏ်ကျကုန်ကြပြီ ” လို့ မြစ်ကြီးနားမြို့ခံ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်ရဲ့ တရုတ်နယ်စပ်ပေါက်ဖြစ်တဲ့ ကံပိုက်တီး ၊ လွယ်ကျယ် နဲ့ ဝိုင်းမော် မြစ်ကြီးနားလမ်း ၊ မြစ်ကြီးနား ရွှေဘိုလမ်း ၊ မြစ်ကြီးနား တနိုင်လမ်း ၊ မြစ်ကြီးနား ပူတာအိုလမ်း ၊ မြစ်ကြီးနား ဗန်းမော် လမ်းပိုင်းတွေက ပူးပေါင်းစစ်ဆေးရေး အဖွဲ့စုံဂိတ်တွေမှာ စစ်ကိုင်းတိုင်းသားတွေ အဖမ်းခံရတာရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလို စစ်ကိုင်းတိုင်းသားတွေ အဖမ်းခံနေရတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တဦးက ” စစ်ကိုင်းတိုင်းသားရယ်လို့တော့ တမင်ရွေးချယ် စစ်ဆေးတာတော့ မဟုတ်ပါဘူး ၊ ခရီးသည်ရဲ့ ဖုန်းတွေ စစ်ဆေးတဲ့အခါ PDF သင်တန်းဆင်းတွေ ၊ ထောက်ပံ့တွေ ၊ အားပေးလှုံ့ဆော်တွေ ၊ ဆက်သွယ် သတင်းပေးတွေ တွေ့ရတာက (၅/ ) တွေဖြစ်နေတယ် ၊ အဲ့ဒါကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က စီစစ်ပြီး အရေးယူတာ ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းသားတွေ ဖမ်းဆီးခံထားရတာဟာ အခုနှစ် ဇန်နဝါရီလကစလို့ ဇူလိုင်အထိ ၆ လအတွင်း လူ ၂ ရာဝန်းကျင်ရှိနေပြီး အဲ့ဒီအထဲက လူတချို့ဟာ အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ အရေးယူခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာ-တရုတ်နယ်စပ် စီးပွားရေးမြို့တွေဖြစ်တဲ့ ဗန်းမော်-လွယ်ကျယ် ၊ မူဆယ်-နမ့်ခမ်း ၊ ချင်းရွှေဟော် ၊ လောက်ကိုင် စတဲ့ နယ်စပ်လမ်းတွေအပြင် ကော့ကရိတ် မြဝတီလမ်း ၊ သံဖြူဇရပ် ၊ ဘုရားသုံးဆူလမ်း ပိုင်းတွေဘက်မှာလည်း အလားတူ စစ်ကိုင်းတိုင်းသားတွေ ဖမ်းဆီးခံနေရတာရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကချင်

Related posts

Leave a Comment

VOM News

FREE
VIEW