ဆွဲမိဆွဲရာ

ဆူးငှက်

မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာရှိ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရားပွဲနှင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကို ဝါခေါင်လဆန်းတစ်ရက်နေ့မှ ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့အထိ ကျင်းပလေ့ရှိတယ်။

တောင်ပြုံးပွဲတော်ကို အထက်မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့အနီးမှာကျင်းပတဲ့ ပွဲတော်ဖြစ်ပေမယ့် ပွဲတော်ကို အများဆုံး လာရောက်ကြသူတွေဟာ အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသက ဖြစ်ကြတယ်။
တောင်ပြုံးပွဲတော်ကို တောင်ပြုံးရွာ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရားပွဲထက် တောင်ပြုံးမင်းနှစ်ပါး ပွဲတော်အဖြစ် လူသိများကြပြီး ဝါခေါင်လပြည့်နေ့မှာ ဆုတောင်းပြည့်၊ဆုတောင်းရဘုရား ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် သံဃာတော်များကို ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်းပွဲထက် မင်းနှစ်ပါးနှင့် ပတ်သက်တဲ့ ကန်တော့ခံပွဲ၊ စံနန်းတော် မင်္ဂလာရေစင်ဆေးပွဲ၊ ညီလာခံသဘင်၊ ချိုးရေတော်သုံးပွဲ၊ ယုန်ကြိုပွဲနှင့် ထိန်ခုတ်ပွဲစတဲ့ ရိုးရာနတ်ပွဲတော် အစဉ်အလာတွေကို ပိုမို လူသိများကြတယ် ။

တောင်ပြုန်းပွဲတော်ကြီးက ပုဂံခေတ်ကတည်းက ကျင်းပခဲ့တာပါ။ အနော်ရထာမင်းစော တည်ခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရားပွဲကတော့ အဓိကပေါ့။ ဘယ်လိုပဲ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကာတယ် ဆိုစေဦး နတ်ကိုးကွယ်မှုနဲ့ ယုံကြည်မှုက အားကောင်းနေဆဲပါ။ တစ်ဖက်ကကြည့်ရင် ရိုးရာယဉ်ကျေးမှု တစ်ရက်အနေနှင့် ရှိနေတာကိုတော့ လက်ခံကြရမှာပေါ့။

တောင်ပြုံးပွဲနှင့် ပတ်သက်ပြီး ကိုလိုနီခေတ် အမျိုးသားလွတ်လပ်ရေးတိုက်ပွဲကာလမှာရော လွတ်လပ်ပြီးနောက် တစ်ပါတီ စီမံကိန်းစီးပွားရေးစနစ်အောက်မှာ ပြင်းပြင်းထန်ထန် တိုက်ခတ်မှုတွေ အနည်းနဲ့အများ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ရိုးရာယဉ်ကျေးမှု အစဉ်အလာတစ်ရပ်အနေနဲ့ ထိန်းသိမ်းခဲ့ကြလို့ ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ ပွဲတော်ရဲ့ မူလအနှစ်သာရက ရိုးရာယဉ်ကျေးမှု အစဉ်အလာပါ။ ဒီအပေါ်မှာ ကိုးကွယ်မှု လွန်ကဲလွန်းခြင်း၊ အပျော်အပါးဘက် အားသာလွန်းခြင်း၊ စီးပွားရေးသဘော သက်ရောက်လွန်းခြင်းတို့က ပွဲတော်ရဲ့ မူလအနှစ်သာရတွေနဲ့ ဘာမှ မဆိုင်ပါဘူး။ ပါဝင်ပတ်သက်သူတွေ လာရောက်ကြသူတွေရဲ့အစွန်းရောက်ခြင်း၊ပွဲတော်ကို ခုတုံးလုပ်ခြင်း ကိစ္စတွေဖြစ်ပါတယ်။ ခေတ်တိုင်းမှာ ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် လက်ဆင့်ကမ်း အမွေဆက်ခံပြီး ကျင်းပနိုင်ဖို့ကိစ္စကလည်း ပွဲတော်နဲ့ တိုက်ရိုက် ပါဝင်ပတ်သက်နေသူတိုင်းမှာ တာဝန်ရှိပါတယ်။

အေဒီ ၁၀၄၄ကတည်းက အနော်ရထာမင်းစော တည်ထားခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရားနဲ့ ဆက်စပ်ပတ်သက်ပြီးဖြစ်ပေါ်ခဲ့တဲ့ မင်းညီနောင်ဇာတ်လမ်းဟာ မန္တလေးမြို့အနီး တောင်ပြုံးအရပ်မှာသာမက တစ်ပြည်လုံးပျံ့နှံ့ ထင်ရှားခဲ့ရာ ယနေ့ထက်တိုင်အောင်ပါပဲ။ တောင်ပြုံးပွဲတော်ကို နှစ်ပေါင်းရှည်ကြာစွာ ကျင်းပခဲ့တဲ့ သက်တမ်းတစ်လျှောက် အတွေးအခေါ်အယူအဆနဲ့ ပတ်သက်တဲ့ အတိုက်အခိုက်၊အသုံးအသတ်၊ဝေဖန်မှုတွေ အများကြီး ကြုံခဲ့ရပေမယ့် ဒီပွဲတော်နဲ့ ဒီအယူအဆက မြန်မာ့မြေပေါ်က ပျောက်မသွားဘဲ ပိုလို့သာ ထင်ရှားခိုင်ခန့်နေတာကလည်း စိတ်ဝင်စားစရာပါ။

မြန်မာနိုင်ငံအနေနဲ့ ပဒေသရာဇ်တစ်ပိုင်း ကိုလိုနီတစ်ပိုင်း အခြေအနေမှာ ပဒေသရာဇ်ကိုယ်ပြီး တောင်ပြုံး ကဲ့သို့သော ရိုးရာယုံကြည်မှုနဲ့ ပွဲတော်အခင်းအကျင်းက စရွေးကိုက်ဖြစ်နေပါတယ်။ တောင်ပြုံးမှာ ဘုရင်တွေ၊ မိဖုရားတွေ၊ မူးကြီးမတ်ရာ စစ်သေနာပတိတွေ၊ လူပျိုတော်တွေ၊ အပျိုတော်တွေ၊ မင်းခမ်းမင်းနားတွေ၊ အဆောင်အယောင်တွေ၊ ထွက်စည် ဝင်စည်တွေ၊ ညီလာခံတွေ၊ ချိုးရေတော်သုံးတာတွေ စသဖြင့် စသဖြင့် ပဒေသရာဇ်ခေတ် ပုံစံအတိုင်း ခမ်းခမ်းနားနား ကျင်းပလေတော့ ဘုရင်မျှော်တဲ့ ကိုလိုနီခေတ် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်းအဖို့ သည်းခြေကြိုက်ဖြစ်ခဲ့တာပေါ့။
လွတ်လပ်ရေးရပြီးနောက် တစ်ဖက်က အမှီအခိုကင်းပြီး အမျိုးသားနိုင်ငံရေး၊ စီးပွားရေးလွတ်လပ်လိုမှု ရည်ရွယ်ချက်နဲ့ သဘောထားခြင်း ယှဉ်ပြိုင်ကြပြီး လက်နက်ဆွဲကိုင် တိုက်ခိုက်နေကြချိန် အာဏာရပါတီနဲ့ ဝန်ကြီးချုပ် အပါအဝင် ခေါင်းဆောင်ကြီးတွေက ဆိုင်းသံ၊ ဗုံသံတညံညံနဲ့ ဗလိနတ်စာကျွးကြ၊ ကနားပေးကြ၊ တိုင်တည်ကြ၊ ဆုတောင်းကြ၊ ကျိန်စာတိုက်ကြ၊ ပသကြလေတော့ တောင်ပြုံးဟာ လုံခြုံရေးအစီအမံနယ်ပါးတဲ့ နယ်စွန်နယ်ဖျားရှိသည့်တိုင် တန်ခိုးထက်ခဲ့တယ်။ ဒါပေမယ့် ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုသလိုပါပဲ။ လက်နက်ကိုင် အဖွဲ့အစည်းလက်အောက် တဒင်္ဂ ကျရောက်တဲ့ အချိန်အခါမျိုးလည်း တောင်ပြုံးအဖို့ ကြုံရသေးပါတယ်။

ဒီအချိန်မှာတော့ နတ်ဒိုးသံ ဆိတ်တာပေါ့။ တစ်နှစ်ကများ မင်းကြီး၊ မင်းလေးပုံတော်တွေ လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲသွားလို့ ပွဲတော် မကျင်းပရတဲ့ နှစ်လည်း ရှိခဲ့ဖူးသတဲ့။ ဒါပေမယ့် စည်စည်ကားကား အုန်းအုန်းကြွက်ကြွက် ကျင်းပတဲ့ အချိန်ကာလကအများကြီးပါ။

မြန်မာတွေ ရိုးရာအစွဲအလမ်းဖြစ်တဲ့ နတ်အပါအဝင် ဗေဒင်၊ ယတြာကိန်းခန်းတွေ ကိစ္စကလည်း ဘယ်နေရာမှ လွှတ်ထားလို့မှ မရဘဲ မည်သို့ပင် လက်တွေ့ သဘောမပါတဲ့ ရုပ်ဝတ္ထုမဟုတ်ဟု ဆိုစေကာမူ တစ်ချိန်က တိုင်းပြည်မှာ သန်းပေါင်းများစွာသော တိုင်းသူပြည်သားများ ဆန္ဒနဲ့ ထပ်တူကျမျှ အရေးတကြီးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ဗေဒင်၊ ယတြာတွေ ပါဝင်ပတ်သက်ခဲ့တာ ဖတ်မှတ်ရဖူးပါတယ်။

၁၉၅၀ခုဆိုတာ ပြည်တွင်းစစ်မီးကြီး အရှိန်ကောင်းနေဆဲ ကာလပေါ့။ အဓိကထိပ်တိုက်ရင်ဆိုင်နေတာ အာဏာရပါတီနဲ့ ကွန်မြူနစ်တွေပါပဲ။ အာဏာရပါတီက ခေါင်းဆောင်တွေ၊ ကွန်မြူနစ်ပါတီက ခေါင်းဆောင်တွေ ဆိုတာကလည်း နိုင်ငံလွတ်လပ်ရေးအတွက် အသက်ကို စတေးပြီး ထောင်ကိုအိမ်ယာအမှတ်နဲ့ လက်တွဲဆောင်ရွက်လာကြသူတွေပါ။ ဒီတော့လည်း စိတ်မချမ်းမြေ့ဖွယ် စစ်တလင်းခင်းနေကြတာဟာ မတွေ့မကြုံ၊ မသိမကြား၊ မပေါင်းမသင်းဖူးသူတွေရဲ့မရတဲ့ ပဋိပက္ခတွေလို့ တိုင်းသူပြည်သားအားလုံးက မယူဆကြပါဘူး။ ရဲဘော်ရဲဘက်ချင်း၊ လုပ်ဖော်ကိုင်ဖက်ချင်း ပန်းတိုင်အတူတူ သွားနည်းသွားဟန် ကွဲပြားကြလို့သာ ယာယီအဆင်မပြေမှုလို့ပဲ အားလုံးက သဘောပေါက်ကြတယ်။ ဒါကြောင့် တစ်ချိန်ချိန် သဘောထားချင်းညီမျှ အမြင်မှားတာတွေ သင်ပုန်းခြေပြီး စိတ်ရင်းစေတနာကောင်းမှန်စွာနဲ့ လက်တွဲကြလိမ့်မယ်လို့ တစ်တိုင်းပြည်လုံးက မျှော်လင့်ကြတယ်။ လက်တွဲလည်း လက်တွဲစေချင်ကြတယ်။

သည်တော့လည်း မြန်မာလူမျိုးပီပီ ဗေဒင်၊ ယတြာကိန်းခန်းအလိုအရ ၁၉၅၀ခု၊ဇွန်လ ၂၈ရက်၊ ၁၃၁၂ခု ပထမဝါဆိုလဆန်း ၁၄ရက် ဗုဒ္ဓဟူးနေ့မှာ မန္တလေးမြို့ထုတ် မြန်မာ့လမ်းစဉ် သတင်းစာက အခုလိုရေးသားခဲ့တယ်။

“ကွန်မြူနစ်ပါတီနှင့် ရွေးကောက်ပွဲ”
ဒုတိယဝါဆိုလဆန်း ၁၄ရက်က မလွန်မှီ ကွန်မြူနစ်ခေါင်းဆောင်ကြီးများ အမြင်မှန်ရကြ၍ ရွေးကောက်ပွဲတွင် ဝင်အရွေးခံကြဖွယ် ရှိခြင်း…..။ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သခင်သန်းထွန်း၊ သခင်တင်ထွန်းနဲ့ သခင်ဖေတင့်တို့ရဲ့ ဇာတာခွင်တွေကို ဖော်ပြထားပြီး ဇာတာခွင်တွေအလိုအရတွက်ချက်ကာ “.. အကြမ်းနည်းမှ အနုနည်းသို့ ပြောင်းလဲကာ ဒီမိုကရေစီ စည်းဝိုင်းအတွင်းသို့ ပြန်ဝင်လျက် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံဖွယ်ရာ ရှိပေသည်။
ဝန်ကြီးချုပ်ကလည်း ဖြူ၊နီကြောင်ကျားတို့အား ဒီမိုကရေစီ စည်းဝိုင်းအတွင်းသို့ ပြန်ဝင်ကြပြီး မိမိတို့ နှစ်သက်ရာဝါဒကို ထူထောင်နိုင်သည်ဟု အတိအလင်း မြွတ်ဟထားခဲ့ပေရာ သခင်သန်းထွန်း ကြီးမှူးသော
ကွန်မြူနစ်ပါတီသည် အကြမ်းနည်းများကို စွန့်ပစ်ကြလျက် ဒီမိုကရေစီ စည်းဝိုင်းအတွင်းမှနေ၍ ရွေးကောက်ပွဲကို ဝင်ရောက်ကြပါလျှင် ကောဇာ ကြာသပတေးင်္ဂြိုဟ်ကြီးသည် ကွန်မြူနစ်ပါတီအား ထူးခြားသော အခွင့်အရေးများကို ပေးနိုင်လိမ့်မည်ဟု ဗေဒင်နည်းဖြင့် ယူဆနိုင်လေသည်””လို့ ရေးသားထားတာ ဖတ်ရတယ်။

ဆက်ပြီး အဲဒီ ၁၃၁၂ခု၊ တူရာသီ သီတင်းကျွတ်လဟာမြန်မာ့နိုင်ငံရေးကံကြမ္မာကို ဖန်တီးမည့် လလို့လည်း ဆက်လက်ဟောကိန်းထုတ်ထားတယ်။ ဘာပဲပြောပြော ဒီနှစ်က ၁၃၈၄ခုနှစ်ပါ။ ဒီဟောကိန်း ထုတ်ခဲ့တာ ခုဆိုရင် ၇၂နှစ် ပြည့်ပါပြီ။ ဟောကိန်းမှန်ခြင်း ၊ မှားခြင်း ကိစ္စကလည်း ဖြစ်ပျက်ခဲ့ပြီးပြီမို့ ပြောစရာမလိုတော့ပါဘူး။

တကယ်တော့ ရုပ်ဝါဒီ ကွန်မြူနစ်ခါင်းဆောင်ကြီးသုံးဦးနဲ့ အာဏာရအစိုးရအဖွဲ့အစည်း အဆင်ပြေကြပြီး တိုင်းပြည်ကြီးငိမ်းချမ်းစေချင်တာ ပြည်သူပြည်သားတိုင်းရဲ့ ဆန္ဒအစစ်အမှန်မို့ ဗေဒင်ကိန်းခန်းဆိုတဲ့ မြက်တစ်ပင်ကို ဆွဲမိဆွဲရာ ဆွဲတဲ့သဘောပါပဲ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW