ရွှေစျေးနူန်းကစားတဲ့ ရန်ကုန်ကရွှေဆိုင်တွေကို အရေးယူမှုတွေလုပ်နေပြီလို့သိရ

သြဂုတ် ၁-၂၀၂၂
VOM (GG)

ပြည်တွင်း ရွှေစျေးနူန်းကို စျေးကစားပြီး စျေးတင်ရောင်းနေတဲ့ ဆိုင်တွေကို တာဝန်ရှိတွေက စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီကသိရပါတယ်။

ရန်ကုန်က ရွှေဆိုင်တွေကို စစ်ဆေးအရေးယူမှုတွေစတင်လုပ်ဆောင်နေတာဖြစ်ကြောင်း ၊ ရွှေဆိုင်အများစုမှာ အခေါက်ရွှေအရောင်းအဝယ် ယာယီရပ်ထားတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။

“အခုရန်ကုန်ထဲမှာ နေပြည်တော်ကတာဝန်ရှိသူတွေစိစစ်ပြီးအရေးယူမှုလုပ်နေပြီ။ အဲ့ဒီလောက်ပဲပြောလို့ရသေးတယ်။ ရွှေစျေးတည်ငြိမ်အောင် အရေးယူဆောင်ရွက်နေပါတယ်။လက်ရှိကတော့ ဆိုင်အကုန်လုံးအရောင်းအဝယ်ရပ်နေတဲ့သဘောဖြစ်​တာပေါ့ ။အကုန်လုံးကပစ္စည်းကိုင်ပြီးတော့ စောင့်နေတာပေါ့ အဓိကဒေါ်လာကစားတဲ့အပေါ်မူတည်ပြီးတော့ စျေးကတောက်လျှောက်တက်နေတာပေါ့။” လို့ ရွှေလုပ်ငန်းရှင်တဦးကပြောပါတယ်။

YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက နေ့စဥ် ထုတ်ပြန်နေတဲ့ ရည်ညွန်းစျေးက ရွှေတကျပ်သားကို သိန်း ၂၀နဲ့ ၆သောင်း ကျပ်သာရှိပေမယ့် ပြင်ပပေါက်စျေးက ဒီနေ့သြဂုတ်လ ၁ ရက်နေ့မှာဆိုရင် သိန်း ၂၂သိန်းနဲ့ ၅သောင်းကနေစပြီး အမြင့်ဆုံး ၂၃သ်ိန်းအထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။

YGEA ကသတ်မှတ်တဲ့ ရည်ညွန်းစျေးဟာ ဗဟိုဘဏ်ကသတ်မှတ်တဲ့ တဒေါ်လာ ၁၈၅၀ ကျပ်နဲ့တွက်ချက်တာဖြစ်ပြီး ရွှေဆိုင်တွေကတော့ ပြင်ပဒေါ်လာပေါက်စျေးပေါ်လိုက်ပြီး တွက်ချက်နေတာဖြစ်လို့ စျေးတွေ အဆမတန်ကွာဟနေတာဖြစ်တယ်လို့ သိရပါတယ်။

” “နိုင်ငံတော်ကသတ်မှတ်ပေးတဲ့ဒေါ်လာစျေးနဲ့သတ်မှတ်ပေးတာ ၊ ကြမ်းခင်းစျေး ရည်ညွန်းစျေးခေါ်တာပေါ့ ၊ အဲ့ပေါ်မှာ တက်ပြီးတော့ရောင်းကြတာပေါ့။ ဆီဆိုလည်းဒီလိုပဲ ရည်ညွန်းစျေးပေါ်တက်ပြီးရောင်းနေကြတာပဲ ။ ရည်ညွန်းစျေးတခုပဲ ထုတ်ပြန်ပေးလို့ရတာပေါ့ အပြင်မှာ ကုန်သည်ကစားတဲ့စျေးနဲ့ လိုက်ကစားလို့တော့မရဘူးပေါ့။အခုက တစ်သောင်းတက်ပေးလိုက်ရင် ကုန်သည်က နှစ်သောင်းထပ်တက်မယ် သုံးသောင်းတက်လိုက်နဲ့အကုန်လုံးကသိကအောက်ဖြစ်ကုန်မှာပေါ့၊ နောက်ဆိုကုန်စျေးနူန်းတွေ အကုန်ကသိကအောက်ဖြစ်သွားမယ့်သဘော ဖြစ်သွားလိမ့်မယ် ။ ” လို့ YGEA အသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

စီးပွားရေးပညာရှင် ဘောဂဗေဒသန်းစိုးကတော့ အခုလို ​ပြည်တွင်း ရွှေစျေးနူန်း စံချိန်တင်မြင့်တက်နေတာဟာ ငွေကြေးချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက စျေးကစားနေတာဖြစ်ကြောင်း၊ ရွှေစျေးကစားတာကိုထိန်းဖို့ဆိုရင် အစိုးရတာဝန်ရှိတဲ့သူတွေအနေနဲ့ အခွန်ကို စနစ်တကျကောက်ဖို့လိုအပ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

“ရွှေကတော့ သူဌေးကြီးတွေက ပြောချင်တာက ကြိုက်သလောက်စျေးကစား အစိုးရက အခွန်စနစ်ကောင်းကောင်းလေးလုပ်လိုက်ရင် ဒီရွှေစျေးဘာမှတက်လာစရာအကြောင်းမရှိဘူး ။ ပြောချင်တာက ရွှေစျေးဖြစ်နေတာက သူဌေးတွေပိုက်ဆံချမ်းသာတဲ့သူတွေလျှောက်လုပ်နေကြတာ ၊ အဲ့ဒါကစီးပွားရေးအတွက်အရေးမကြီးဘူး၊ အရေးကြီးတာက အခြေခံလူတန်းစားတွေထိနိုင်တဲ့ဟာမျိူးပဲ။အဲ့ဒီ ငွေပေါလျှံနေတဲ့ဟာတွေကိုကျတော့ အခွန်ကောင်းကောင်းနဲ့ထိန်းလိုက်ရင်ပြီးရော “လို့ သူကပြောပါတယ်။

လက်ရှိ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက ရွှေဆိုင်တွေမှာ ၁၆ ပဲရည်အပြည့် အခေါက်ရွှေကို ရောင်းခြင်း ၊ ဝယ်ခြင်း ရပ်ထားတဲ့ဆိုင်တွေရှိသလို ၊ အရောင်းသီးသန့်သာ လုပ်နေတာရှိနေပြီး ဆိုင်အများစုကတော့ ၁၅ ပဲရည်ပြည့် ရွှေ စျေးကစားတာတွေကတော့ ဒေါ်လာစျေးအပေါ်မူတည်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရွှေစျေး

Related posts

Leave a Comment

VOM News

FREE
VIEW