ပြည်ပတင်ပို့နိုင်ခြင်းမရှိတဲ့ ပြောင်းအိတ်ပေါင်း သန်း ၆၀ ကျော် ပြောင်းကုန်သည်ဆီမှာ ပုံနေ

ဩဂုတ် ၊ ၂၊ ၂၀၂၂
SM

ပြည်ပကိုတင်ပို့နိုင်ခြင်းမရှိတဲ့ ပြောင်းတန် သုံးသိန်း ပြောင်းအိတ်ပေါင်း သန်း ၆၀ ကျော်ဟာ ပြောင်းကုန်သည်တွေဆီမှာ ကျန်ရှိနေ ကြောင်း ပြောင်းလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြောင်းတင်ပို့မှုနှင့်ပတ်သက်ပြီး ပို့ကုန်မှုဝါဒ၊ အခွန်ဆောင်တဲ့ကိစ္စနဲ့အတူ ငွေလဲလှယ်နှုန်းကွာခြားချက်တွေကြောင့် ပင်လယ်ရေကြောင်း FOB သင်္ဘောတင်ပို့တာ ၊ မြဝတီနယ်စပ်ကနေ တင်ပို့တာနဲ့ တရုတ်နိုင်ငံကို GACC လမ်းကြောင်းကနေ တင်ပို့နိုင်ဖို့ စီစဉ်တာတွေလည်းတင်ပို့နိုင်ခြင်းမရှိသေးလို့ ပြည်တွင်း ပြောင်းကုန်သည်တွေလက်ဝယ်မှာ ပြောင်းတန်ချိန် သုံးသိန်းကျော် အိတ်ရေ သန်း ၆၀ ခန့် ကျန်ရှိနေသေးကြောင်း ပြောင်းကုန်သည်ကြီးတွေဆီက သိရပါတယ်။

“ ပြောင်းတင်ပို့မှု ရပ်ထားရလို့ ခန့်မှန်းခြေ တန်ချိန် သုံးကျော်လောက်ကျန်နေပါတယ်။သုံးတင်းဝင်အိတ်ရေ အိတ်ရေ သန်း ၆၀ လောက်ကျန်တာပေါ့။ ရှမ်းမြောက်ဒေသမှာ အများဆုံးကျန်ရှိပါတယ်။ပြောင်းအသစ်တွေကလည်း ပေါ်စပြုနေပြီဆိုတော့ ရှေ့ပြောင်း နောက်ပြောင်း ထပ်သွားရင် တောင်သူတွေ အတွက်လည်းအဆင်မပြေဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပင်လယ်ရေကြောင်းကရော ၊GACC လမ်းကြောင်းကရော အမြန်ဆုံးထွက်နိုင်အောင် စီးပွားကူးသန်းဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ထံ စာတင်အကူအညီတောင်းခံထားပါတယ် ” ဟု မြန်မာနိုင်ငံ ပြောင်းအသင်းဒုတိယဥက္ကဌ ဦးသန့်စင်ထွန်း ကပြောပါတယ်။

ပြည်တွင်းပြောင်းလက်ကျန်ဟာ တစ်နိုင်ငံလုံး ပြောင်းစိုက်ပျိုးထုတ်လုပ်မှု ရဲ့ သုံးပုံတစ်ပုံခန့် ကျန်ရှိနေသေး ကြောင်းသိရပါတယ်။

ပြည်တွင်းအစာစက်ရုံတွေကလည်း ပြောင်းတစ်ရာသီမှာ သုံးပုံတစ်ပုံ ဝယ်ယူ အသုံးပြုနေကြောင်းလည်းသိရပါတယ်။ ပြောင်းအစာစက်ရုံတွေက ပစ္စည်းရောက်ငွေချေစနစ် ဆိုရင်တော့ အဆင်ပြေနိုင်မှာဖြစ်ပေမယ့်လည်း အနည်းဆုံး ၁၅ ရက်ကျော်မှ ငွေပေးလို့ လက်ကျန်ပြောင်းတွေကို ပြောင်းကုန်သည်တွေက ရောင်ချဖို့အဆင်မပြေ​ဖြစ်နေတယ်လို့ ပြောင်းကုန်သည် တဦးက ပြောပါတယ်။

” အမှန်တကယ်ဆိုရင် ပြည်တွင်းအစာစက်ရုံတွေကို ရောင်းချတာက အခွန်ဆောင်တွေမရှိတော့ဘူး။ ပြည်တွင်းအစာစက်ရုံတွေက ဈေးနှုန်းတစ်ခုသက်မှတ်ပေးပြီးငွေပေးချေမှု မြန်မယ်ဆိုရင် တော့ ပြောင်းလောက အတွက် ထွက်ပေါက်တစ်ခုဖြစ်လာနိုင်ကြောင်း ” မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်း ဥက္ကဌ ဦးတိုးတက်နိုင် ကပြောပါတယ်။

လက်ရှိအချိန်မှာ ပြောင်းဈေးကွက်ကျဆင်းနေပြီး မန္တလေးဈေးကွက်မှာတော့ သြဂုတ်လ ၁ ရက်ပေါက်စျေးမှာ ၅၄ပိသာတစ်အိတ် ကျပ် လေးသောင်းသာပေါက်ဈေးရှိနေသလို နယ်ပွဲရုံတွေမှာ ဒီထက်ပိုမိုကျဆင်းနိုင်ကြောင်းသိရပါတယ်။

#voiceofmyanmar #VOM #ပြောင်းဈေးကွက် #ပြောင်းတွေစုပုံနေ #စီးပွားရေးသတင်း #စိုက်ပျိုးရေးဈေးကွက်

Related posts

Leave a Comment

VOM News

FREE
VIEW