မင်္ဂလာဒုံမြိုနယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးလင်မယား သေနတ်နဲ့ပစ်သတ်ခံရ

သြဂုတ် ၂၊၂၀၂၂
KK(VOM)

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူးညာဏကျေးရွာ၊ ဒေါ်ငိုလမ်း ၊ဒေါ်ငိုတံတားထိပ်မှာ ဒီကနေ့ မနက်ကိုးနာရီက ကျေးရွာအုပ်ချုပ်ရေးမှူးလင်မယား သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကလေးတွေကျောင်းလိုက်ပို့ချိန် ပေါင်းကူးညာကျေးရွာ ဒေါ်ငိုလမ်း ဒေါ်ငိုတံတားထိပ်မှာ ဗုံးပေါက်လို့ ဆင်းကြည့်ရာကနေ ဆိုင်ကယ်သုံးစီးနဲ့အမည်မသိအမျိုးသားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကျေးရွာနေသူတဦးကပြောပါတယ်။

“ကလေးတွေကို မပစ်ဘူး သူတို့နှစ်ဦးကိုပဲပစ်သွားတာ၊ လင်မယားနှစ်ယောက်လုံး ပွဲချင်းပြီးပဲ၊ သူတို့က ဒီရွာကမဟုတ်ဘူး”လို့ ပြောပါတယ်။

သေဆုံးသူနှစ်ဦးဟာ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနိူင်ထွန်းနဲ့ ဇနီးဖြစ်သူ ဒေါ်ဟေမာလွင်တို့ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက အတည်ပြုပြောဆိုပါတယ်။

“တပ်ကတော့ စစ်ဆေးမှုတွေလုပ်နေတယ်၊ ပစ်တဲ့သူတွေကတော့ မမိဘူး အမျိုးသားခြောက်ယောက်ပစ်သွားတာလို့ ကနဦးသိရတယ်”လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီးမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီးနောက် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပေမယ့် VOM အနေနဲ့ သီးခြားအတည်ပြုချက်မရသေးပါဘူး။

မနေ့ သြဂုတ်၁ရက်နေ့ကလည်း တောင်ဒဂုံမြို့နယ်နဲ့ တွံတေးမြို့နယ်တို့မှာ ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး တဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မင်္ဂလာဒုံ #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW