ရေဦးမြို့နယ်ရဲ့ ဒုတိယ အကြီးဆုံး တင်းတိန်ရံစျေးကြီး မီးရှို့ခံရလို့ ရွာပေါင်း ၄၀ ကျော် ကုန်စည်ပြတ်လပ်နေ

သြဂုတ် ၊ ၃ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့နယ်မှာ ဒုတိယ အကြီးဆုံး စျေးကြီးဖြစ်တဲ့ တင်းတိန်ရံ စံပြကျေးရွာက စျေးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကနေ အခုလ ၂ ရက်နေ့အထိ ၄ ရက်ကြာ မီးရှို့ခံရတာတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း အဲ့ဒီ ရွာနားဝန်းကျင်က ကျေးရွာပေါင်း ၄၀ ကျော်ဟာ အခြေခံစာသောက်ကုန်တွေ ဝယ်မရပဲ ပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” တင်းတိန်ရံက ရထားလမ်း နဲ့ ကားလမ်းရှိတဲ့ စံပြရွာကြီးဖြစ်တယ် ၊ ဒီပဲယင်းနယ် အနောက်မြောက်ခြမ်းဘက်က ရွာတွေနဲ့ ရေဦးနယ် အနောက်တောင်ခြမ်းဘက်က ရွာတွေက အဲ့ဒီ တင်းတိန်ရံစျေးကို အမှီပြု့ပြီး စျေးရောင်း စျေးဝယ်လုပ်ရတာပါ ၊ အခု အဲ့ဒီစျေး မီးရှို့ခံရတာကြောင့် အခြေခံစားသောက်ကုန်တွေ ဝယ်မရပဲ ပြတ်လပ်နေတာ ” လို့ တင်းတိန်ရံဒေသခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် လကုန်ရက်ပိုင်းက အဲ့ဒီ တင်းတိန်ရံ စျေးကြီးနဲ့ တင်းတိန်ရံရွာကို မီးရှို့ဖျက်ဆီးခံရတာကြောင့် စျေးဆိုင်ခန်း ၂ ရာကျော်နဲ့ လူနေအိမ် အဆောက်ဦး ၅၀ အပြင် ဆန်စက် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ရတာလို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်ဘက်နဲ့ ရေဦးမြို့နယ်ဘက်တွေမှာ နေ့တိုင်း နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်နေတဲ့ အတွက် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး မုံရွာဘက်ကို ကုန်စည် ရောင်းဝယ်ရေး လုပ်ငန်းတွေ နားထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒါကြောင့် တင်းတိန်ရံရွာနားက ရွာပေါင်း ၄၀ ကျော်ဟာ အခြေခံ စားသောက်ကုန်တွေ ဝယ်မရပဲဖြစ်ကာ ပြတ်လပ်နေတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတာလို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေဦး #တင်းတိန်ရံဈေးမီးရှို့ခံရ #တင်းတိန်ရံဝန်းကျင်ကုန်စည်ပြတ်လပ်

Related posts

Leave a Comment

VOM News

FREE
VIEW