ရွှေစျေး ၂၅ သိန်းနီးပါးဖြစ်လာပြီး ဒေါ်လာဈေးက၂၇၀၀ အထိပြန်ဖြစ်လာ

ဩဂုတ် ၄-၂၀၂၂
GG(VOM)

ပြည်တွင်းရွှေစျေးက ဒီနေ့ဩဂုတ်လ ၄ ရက်နေ့ မှာ အခေါက်ရွှေ တကျပ်သားကို ၂၅ သိန်းနီးပါးအထိ ​ရှိလာပြီး အမေရိကန်ဒေါ်လာဈေးကဘတဒေါ်လာကို ၂၇၀၀ ကျပ်အထိ စျေးပေါက်လာတယ်လို့ သိရပါတယ်။

” အခုပြင်ပမှာ ၂၄သိန်း ၇သောင်းကျော်ပေါက်နေတယ်။တချို့ဆိုင်တွေ အဲ့ဒီစျေးထက်များတာလည်းရှိနေတယ် ။ ဒေါ်လာက မနက်တုန်းက ၂၆၀၀ လောက်ပဲ၊ အခုနေ့လယ်တော့၂၇၀၀ ဖြစ်နေတယ်လို့ သိရတယ် ” လို့ ရွှေလုပ်ငန်းရှင်တဦးကပြောပါတယ်။

၁၆ ပဲရည် အခေါက်ရွှေစျေးက ၂၄သိန်း၇သောင်းကျော်အထိ စံချိန်တင်မြင့်တက်သွားမှုနဲ့အတူ ရွှေဆိုင်အများစုကတော့ အရောင်းအဝယ် ယာယီရပ်ထားတယ်လို့ သိရပြီး ၁၅ ပဲရည်အပြည့် ရွှေကိုသာ အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။

” ၁၆ ပဲရည်က အရောင်းရော အဝယ်ရောခဏရပ်ထားပါတယ်။၁၅ ပဲရည်တွေတော့ရပါတယ်။အခေါက်ရွှေကအရင်ကတော့ရောင်းပါတယ်။ အခုက မရောင်းတာပါ။ “လို့ ရန်ကုန်က ရွှေအရောင်းဆိုင်တခုက ပြောပါတယ်။

YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ဒီနေ့သြဂုတ်လ ၄ရက်နေ့ အကယ်ဒမီ မီးလင်းရွှေအပိတ်ဈေးက တကျပ်သားကို 2,063,000
(ကျပ်သိန်း နှစ်ဆယ်ခြောက်သောင်းသုံးထာင်)သာရှိပြီး ကမ္ဘာ့ရွှေဈေး က(World Gold Price)1 Ounce- 1773 USD ဖြစ်ပါတယ်။

YGEA ကသတ်မှတ်တဲ့ ရည်ညွန်းစျေးဟာ ဗဟိုဘဏ်ကသတ်မှတ်တဲ့ တဒေါ်လာ ၁၈၅၀ ကျပ်နဲ့တွက်ချက်တာဖြစ်ပြီး ရွှေဆိုင်တွေကတော့ ပြင်ပဒေါ်လာပေါက်စျေးပေါ်လိုက်ပြီး တွက်ချက်နေတာဖြစ်လို့ စျေးတွေ အဆမတန်ကွာဟနေတာဖြစ်တယ်လို့ YGEA အသင်းတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ အစိုးရပိုင်းတာဝန်ရှိသူတွေကလည်း အခုလိုရွှေစျေးစံချိန်တင်မြင့်တက်လာမှုနဲ့ပတ်သက်ပြီး စျေး ကစားတာနဲ့ စျေးတင်ရောင်းနေတဲ့ ​ရွှေဆိုင်တွေကို စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

စီးပွားရေးလေ့လာသုံးသပ်သူတဦးကတော့ အခုလို ​ပြည်တွင်း ရွှေစျေးနူန်း စံချိန်တင်မြင့်တက်နေတာဟာ ငွေကြေးချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက စျေးကစားနေတာဖြစ်ကြောင်း၊ ရွှေစျေးကစားတာကိုထိန်းဖို့ဆိုရင် အစိုးရတာဝန်ရှိတဲ့သူတွေအနေနဲ့ အခွန်ကိုစနစ်တကျကောက်ဖို့လိုအပ်တယ်လို့လည်း အကြံပြု ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #ရွှေဈေး #ဒေါ်လာဈေး #အဆမတန်ပြန်မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW