ထိုင်းစစ်ဘက်အာဏာသိမ်းမှု၊ အမေရိကန်ဆန်ရှင် နှင့် အာစီယံ ဘယ်လဲ ဘာလဲ

သန်းစိုး(ဘောဂဗေဒ)

၂၀၁၄ ထိုင်းစစ်အာဏာသိမ်းမှု
———————————————-
ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့မှာ ၊ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်းငံလိုက်ပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကာ လက်ရှိဝန်ကြီးချုပ် တဖြစ်လည်း ဗိုလ်ချုပ်ကြီး ပရဲရွတ်က စစ်တပ်အာဏာသိမ်းလိုက်ပါတယ်။ အဲဒီအချိန်ကျမှ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ရဲ့ထိုင်းရက်ထိုင်းပါတီ၊ သူညီမယင်လတ်ရှင်နာဝပ်ရဲ့ဖူအာ ထိုင်းပါတီတို့ရဲ့ဆယ်စုနှစ်ကြာ လွမ်းမိုးကြီးစိုးခဲ့တဲ့ ထိုင်းနိုင်ငံရေးဇာတ်လမ်းဟာလည်း နိဂုံးချုပ်သွားခဲ့ပါတော့တယ်။

ထိုင်းနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေဟာ လပေါင်းများစွာ ဆက်တိုက်ဖြစ်နေခဲ့တယ်၊ ရှပ်နီ ရှပ်ဝါ ဆန္ဒပြမူတွေကနေ အကြမ်းဖက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေအထိ ဖြစ်ပေါ်လာခဲ့တယ်၊ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ရလောက်အောင်ဖြစ်ခဲ့လို့ ထိုင်းစီးပွားရေးနှင့် နိုင်ငံတကာမှာ ထိုင်းရဲ့ပုံရိပ် ကျဆင်းခဲ့တယ်၊ထိုင်းလူ့အဖွဲ့အစည်းဟာ နိုင်ငံရေး အက်ကွဲမှုကြောင့် အစည်းပြေနေခဲ့တယ်၊ စတဲ့ မတည်ငြိမ်မှုတွေကြောင့် စစ်တပ်ကအာဏာသိမ်းလိုက်ရတာပါဆိုပြီး ဗိုလ်ချုပ်ကြီးပရာရွတ်က အကြောင်းပြပါတယ်။

အာဏာသိမ်းဗိုလ်ချုပ်ကြီးပရာရွတ်ချန်အိုရာက ရွေးကာက်ပွဲ ကို ခြောက်လအတွင်း လုပ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့့် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရပါတယ်။ အဲဒီ အချိန်မှာ အခြေခံဥပဒေသစ်ကို ပြန်လည်ရေးဆွဲပြီး ၂၀၁၇ ခုနှစ်မှာ လူထုဆန္ဒခံယူပွဲကျင်းပပြီး ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပပေးမယ်လို့ ထုတ်ပြန်ပေးခဲ့ပါတယ်။

တုန့်ပြန်မှုများ
———————
အဲဒီတုန်းက အမေရီကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ လုံလောက်တဲ့အကြောင်းပြချက်မရှိဘူးလို့ ပြောခဲ့သလို အမေရိကန်ရဲ့စစ်ရေးအကူအညီပးမယ့့်(နေတိုးနိုင်ငံမဟုတ်တဲ့ နိုင်ငံတွေအပေါ် စစ်ရေးအကူအညီပေးခြင်း) အမေရိကန်ဒေါ်လာ သန်း ၃.၅ သန်းရဲ့ သုံးပုံနှစ်ပုံ ဆိုင်းငံလိုက်မယ်လို့ ကြေညာခဲ့တယ်။ အမေရိကန် အပါအဝင် အီးယူ နှင့်သြစတြီးယားနိုင်ငံတွေအနေနှင့် အနည်းငယ်ပြစ်တင်ဝေဖန်မှုပြုလုပ်ခဲ့ပြီး၊ရွေးးကောက်ပွဲကို အလျင်အမြန်ကျင်းပေးဖို့လောက်သာ တိုက်တွန်းခဲ့ပါတယ်။

ထိုင်းအာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အင်ဒိုနီးရှား၊ဖီလစ်ပိုင် အာစီယံနိုင်ငံတွေဟာ အလွန်အမင်းစိုးရိမ်မိကြောင်းနဲ့ ကုလသမဂ နှင့် ဂျပန်နိုင်ငံတို့ဟာလည်း ဒီမိုကရေစီကို မြန်မြန်အသက်သွင်းဖို့ တိုက်တွန်းနိုးကြားစာသာ ထုတ်ပြန်ခဲ့ကြတာပါ။ ဂျပန်နိုင်ငံသားများ ထိုင်းနိုင်ငံအတွင်း ခရီးသွားရမှာ အထူးသတိထားဖို့နှင့် ဂျပန်ကားကုမဏ္ဍိတွေဖြစ်တဲ့ တိုယိုတာနှင့် ဟွန်ဒါစက်ရုံများရဲ့ညပိုင်းအလုပ်ချိန်ကို ခေတ္တဆိုင်းငံထားကြောင်း ဖော်ပြခဲ့တာကို တွေ့ရပါတယ်။

အာစီယံအနေနှင့် အဲဒီတုန်းက ငြိမ်းချမ်းစွာရှင်းနည်းလမ်းများကို အလေးထားကြရမှာဖြစ်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ စိန်ခေါ်မှုအကြပ်အတည်းများကို ရှောင်လွှားနိုင်ဖို့ နှစ်ဦးနှစ်ဖက် ဒီမိုကရက်တစ် စည်းမျဉ်းများ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာနည်းလမ်များဖြင့် အပြန်အလှန်နားလည်မှုရှိစွာ စေ့စပ်ညှိနှိုင်းခြင်းဖြင့်ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ကြေညာချက်သာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အာစီယံနိုင်ငံများအနေဖြင့် အခုဖြစ်ပေါ်နေတဲ့ အကြပ်အတည်းများကို နားလည်ပါကြောင်း သင့်လျော်မှန်ကန်တဲ့နည်းလမ်းများဖြင့် အာစီယံ ချတာအတိုင်းဆဆာင်ရွက်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီတုန်းက ထူးထူးခြားခြား မလေးရှားအစိုးရဟာ မလေးရှားနိုင်ငံမှာရှိတဲ့ မလေးရှားတွေအပြင် တခြား အာစီယံနိုင်ငံအတွင်းရောက်ရှိနေကြတဲ့ မလေးနိုင်ငံသားများအနေဖြင့်မလိုအပ်ဘဲ ထိုင်းနိုင်ငံကို အလည်အပတ် မသွားရောက်ကြဖို့ သတိပေးမှု ထုတ်ပြန်ခဲ့ဘူးပါတယ်။

၂၄ ကြိမ်မြောက် မြန်မာ့အာစီယံ ၂၀၁၄ မေလမှာ ထိုင်းအာဏာသိမ်းပြီးတဲ့နောက် ၂၀၁၄ နိုဝင်ဘာလမှာ မြန်မာနိုင်ငံမှာ အာစီယံထိပ်သီးအစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ရက် အာစီယံထိပ်သီးအစည်းအဝေးမှာ သဘာဝဘေး အန္တရာယ်၊ အီဘိုလာရောဂါကူးစက်မှုအန္တရာယ်၊ အကြမ်းဖက်မှု အစွန်းရောက်မှုတွေဟာ စိန်ခေါ်မှုတွေ ဖြစ်ကြောင်း၊ ဒါကို တွန်းလှန်နိုင်ဖို့ စွမ်းအားတွေ အဆက်မပြတ်ထူထောင်ထားဖို့လိုကြောင်း တိုက်တွန်ပြောကြားခဲ့ပါတယ်။

အဲဒီတုန်းက ပူပူနွေးနွေး အင်ဒိုနီးရှားသမ္မတကို ဂုဏ်ပြုကြိုဆိုပါကြောင်း ထိုင်းဝန်ကြီးချုပ်က အဲဒီ ထိပ်သီးအစည်းအဝေးမှာ မိန့်ခွန်းခြွေပါတယ်။ အာစီယံ ဆယ်နိုင်ငံခေါင်းဆောင်များရဲ့ထိပ်သီးအစည်းအဝေးမှာ ထိုင်း စစ်ဘက်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး ဆွေးနွေးအဖြေရှာစရာခေါင်းစဉ်အဖြစ် ဆွေးနွေးပွဲစားပွဲဝိုင်းအပေါ်ကို ရောက်မလာခဲ့ တာဟာ အခုချိန်မှာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒေသတွင်းလုံခြုံရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုခေါင်းစဉ်များကသာ နေရာယူခဲ့တာပါ။

အဲဒီ ထိပ်သိမ်းအစည်းအဝေးမှာ ကမ္ဘာ့ကိစ္စများကို ရင်ဆိုင်ရာမှာ ဘုံအာစီယံ သဘောထားရရရှိအောင်ကြိုးပမ်းရမှာဖြစ်ကြောင်း၊ မလေးရှားခရီးသည်တင် ပစ်ချခံရခြင်း၊ ဘာသာရေးအစွန်းရောက် လုပ်ရပ်များအား ပြတ်သားစွာရပ်တည်ခြင်းနှင့် ဖိလစ်ပိုင်အစိုးရရဲ့ငြိမ်းချမ်းရေးရလာဒ်အပေါ် များစွာကြိုဆိုပါကြောင်း၊ ဒေသပြင်ပရှိနိုင်ငံများနှင့်ဆက်ဆံရာမှာလည်း အာစီယံမှုနှင့် စံနှုန်းများဟာ ဒေသတွင်းတည်ငြိမ်အေးချမ်းလုံခြုံရေးကို များစွာအထောက်အကူဖြစ်ခဲ့ကြောင်းတွေသာ ဖုံးလွားခဲ့တာဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးမှာ သဘောတူညီချက်ငါးချက် ချမှတ်နိုင်ခဲ့ပါတယ်။ ပူပူနွေးနွေး ထိုင်းစစ်ဘက်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး လုံး၀ တိတ်ဆိတ်နေခဲ့ကြတာပါ။

၂၄ ကြိမ်မြောက် အာစီယံထိပ်သီးအစည်းအဝေးကျင်းပချိန်ဟာ တရုတ်နှင့်ဗီယက်နမ်နိုင်ငံကြား တောင်တရုတ်ပင်လယ်ထဲက သူပိုင် ကိုယ်ပိုင်အငြင်းပွားနေတဲ့နေရာမှာ တရုတ်ငါးဖမ်းသင်္ဘောနှင့်ဗီယက်နမ်သင်္ဘောတို့ တိုက်မိပြီး တင်းမာမှုတွေဖြစ်နေဆဲကာလပါ။ ဗီယက်နမ်ဟာ အဲဒီတောင်တရုတ်ပင်လယ်အငြင်းပွားမှု၊ ဗီယက်နမ် သင်္ဘောသားတွေထိခိုက်နစ်နာမှုနှင့်ပတ်သက်ပြီး အာစီယံ ထိပ်သီးအစည်းအဝေးပွဲတွေမှာ အလေးထားဆွးနွေးခဲ့ပေမယ့့် အဲဒီတုန်းက အာစီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနှင့် အထူးစိုးရိမ်မိပါတယ်ဆိုတဲ့ ကြေညာချက်သာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စာပုဒ်သုံးပိုဒ်သာပါတဲ့အာစီယံထိပ်သီးကြေညာချက်မှာလည်း ထိုင်းအာဏာသိမ်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တစွန်းတစ မပါဝင်ခဲ့ပါဘူး။

ထို့အတူ ၂၄ကြိမ်မြောက် အာစီယံအစည်းအဝေးသဘောတူညီချက် ၅ချက်မှာလည်း ထိုင်းအာဏာသိမ်းဖြစ်စဉ်နဲ့ပတ်သက်ပြီး တစွန်းတစ ဖော်ပြထားတာမရှိပါဘူး။ အဲဒီတုန်းက ထိုင်းအာဏာသိမ်းခေါင်းဆောင် စီစဉ်ကျင်းပမယ့် ရွေးကောက်ပွဲ ချောမွေ့စွာကျင်းပနိုင်ရေးနှင့်အာဏာသိမ်းမှုကြောင့် အာစီယံတည်ရှိမှုအပေါ် အခက်အခဲဖြစ်တည်လာမှာကို စိုးရိမ်ကြောင်းသာ အချိုပေါ်သကြားဖြူး ထုတ်ဖော်ပြသခဲ့ကြတာပါ။ ဒီအချက်တွေကို အခုလို ဇတ်ရှည်အောင်တင်ပြနေရ တာဟာ ၂၀၁၄ ခုနှစ် ထိုင်းအာဏာသီမ်းမှုနှင့်ပတ်သက်ပြီး အာစီယံရဲ့အနေအထားကို မီးမှောင်း ထိုးပြလိုဖြင်းဖြစ်ပါတယ်။

၂၄ကြိမ်မြောက် အာစီယံထပ်သီးအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးများရဲ့ကြေညာချက်ကို အောက်မှာဖော်ပြပါတယ်။

အမေရိကန် အတွက်မေးခွန်း
——————————————-
၁၉၈၈နောက်ပိုင်း အမေရိကန်ဟာ မြန်မာကို ဆန်ရှင်ပေါင်းများစွာ ပိတ်ဆို့မှုပေါင်းများစွာ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ ဥပဒေပေါင်း ၅ ခု၊ (Burma freedom and democracy act of 2003, section
570 of the foreign operations, export financing, and related program appropriation act, international emergency economics powers act, international emergencies act, Tom lantos block Burma jade acts of 2008) ဖြစ်ပါတယ်။ သမ္မတအုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်တဲ့ အမိန်ညွန့်ကြားချက်(၈) ခု။ EO 13047, EO 13310, EO 13448, EO 13464, EO 13619, EO 13651, EO 13742, EO14014 (2021) တို့ဖြစ်ပါတယ်။ ထုတ်ပြန်ကြေညာချက်ပေါင်းက (၂၆)ခု ထုတ်ပြန်ခဲ့ပါတယ်။
အပြည့်အစုံကတော့ ဒီ (https://www.state.gov/burma-sanctions/) ဆိုက်မှာသွားကြည့်လို့ရပါတယ်။

၁၉၉၅ ခုနှစ်ပတ်ဝန်းကျင်လောက်က ဘဏ္ဍာရေးဆိုင်ရာဆန်ရှင်ချပြီးတဲ့နောက် ပက်ဆီမြန်မာ အကျိုးတူပူးပေါင်း အချိုရည်ကုမ္မဏီ မြန်မာပြည်ထဲက ထွက်ခွာရပါတယ်။ အဲဒီလိုပဲ လက်ပံတောင်းကြေးနီစီမံကိန်းကို စခဲ့တဲ့ အိုင်ဗင်ဟိုးမြန်မာပြည်ကထွက်ခွာရပါတယ်။ အမေရိကန်ဆန်ရှင်ကြောင့် အနောက်အုပ်စုနှင့်ဥရောပ စီးပွားရးလုပ်ငန်းတွေအားလုံး မြန်မာပြည်က ဆုတ်ခွာသွားချိန်မှာ ကျန်ခဲ့တဲ့ ကုမ္မဏီတွေကတော့ မကြာခင်ကမှ ထွက်သွားတဲ့ တိုတယ်ရေနံကုမ္မဏီနှင့် ယူနီကွန်တို့ဖြစ်ပါတယ်။
(နောက်ပိုင်းမှာယူနီကောကို ချယ်ဗလွန်က အစုရှယ်ယာ ဝယ်လိုက်တာ)။

အမေရိကန်ဆန်ရှင်ထဲမှာ အဲဒီတုန်းက အနောက်ရေနံကုမ္မဏီကြီးတွေ ဘာကြောင့် ဆက်လက်ကျန်နေခဲ့တာလဲ။ ဒါဟာ အကျိုးစီးပွားကြောင့်ဖြစ်ပါတယ်။ အမေရိကန်ဆန်ရှင်ဟာ အဲဒီတုန်းကတည်းက ရှိခဲ့ပေမယ့့် ပြင်သစ်ပိုင် တိုတယ်ကုမ္မဏီနဲ့ ယူနီကွန်တို့ဟာ မြန်မာ့ကမ်းလွန်လုပ်ကွက်ကနေရတဲ့ ရေနံအကျိုးအမြတ်ကြောင့် မစွန်ခွာခဲ့ကြပါဘူး။

နောက်ပိုင်း စစ်အစိုးရ သက်ဆိုးရှည်ဖို့အတွက် ဘဏ္ဍာရေးကျားကန်မှုအပေးဆုံး ကုမဏီတွေ အဖြစ် ရပ်တည်ခဲ့ကြတာပါ။ ၁၉၉၅ ခုနှစ်ကတည်းက စခဲ့တဲ့ ဒီကုမ္မဏီဟာ နှစ်ပေါင်း ၃၀ နီးပါးအကြာ ၂၀၂၁ခုနှစ် နစက တက်လာပြီးချိန်ကျမှာ လူ့အခွင့်အရေးအကြောင်းပြပြီး ထွက်ခွာတယ်ဆိုတာ အတော်ကို မယုံနိုင်စရာ ဖြစ်လာပါတယ်။ သဘာဝအရင်းအမြစ်ကုမ္မဏီတွေ အထူးသဖြင့် ရေနံတွင်းတူးကုမ္မဏီတွေ ရေနံတွင်းပိတ် ရင်းနှီးမြုပ်နှံမှု ပိတ်ထွက်ခွာချိန်မှာ နိုင်ငံတကာ ရေနံကျင့်စဉ်အရ အနည်းဆုံး ဆယ်နှစ်ခန့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ခန့်မှန်း ၁၀နှစ်အထိ နဂိုအတိုင်းနီးပါး ဖြည့်ဆည်းရမယ့်တာဝန်ဝတ္တရားရှိပါတယ်။ ဒီအလုပ်ဟာ အကုန်အကျများတဲ့အတွက် ၁၉၉၅ ခုနှစ်ကတည်းက လူ့အခွင့်အရေးမရှိဘဲ ရင်းနှီးမြုပ်နှံမှုလုပ်ခဲ့တဲ့ တိုတယ်နှင့် ချာဗယွန်တို့ဟာ အခုချိန်ကျ မှ လူ့အခွင့်အရေးဗန်းပြပြီး ထွက်ခွာသွားတယ်ဆိုတာ အတော်ကိုထူးဆန်းလှပါတယ်။ (အလျင်းသင့်ရင် အသေးစိတ်ရေးပါမယ်)။

၁၉၉၀နာက်ပိုင်း အမေရိကန်ပိတ်ဆို့များနှင့်ပတ်သက်ပြီး အမေရိကန်အတွက် ဘာအကျိုးအမြတ်ရှိခဲ့သလဲ၊ မြန်မာအတွက် ဘာအကျိုးအမြတ်ရှိခဲ့သလဲ၊ နောက်ဆုံး နီယိုကွန်၊ နီယိုလစ်ပဲပြောပြော ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ဒီမိုကရက်တိုက်ဇေးရှင်းအတွက် ဘယ်လောက်အထောက်အပံဖြစ်ခဲ့သလဲ မေးခွန်းမေးချင်နေပါတယ်။ မြန်မာအတွက်တော့ စစ်ဘက်အီလစ်တွေ မြန်မာလူ့အဖွဲ့အစည်းမှာ နေရာရလာတယ်၊ ခရီုနီတွေပေါက်ဖွားလာတယ်၊ သဘာဝပတ်ဝန်းကျင်အလွန်အကျွံ ဆုံးရှုံးမှုတွေဖြစ်ပေါ်လာတယ်၊ ဆင်းရဲနွမ်းပါးမှု ၂၆ % ရှိခဲ့တယ်။ အကျင့်ပျက် ချစားမှုနှင့် အင်စတီကျူးရှင်း ယိုင်နဲ့မှုတွေသာဖြစ်ပေါ်ခဲ့တယ်။

၂၀၁၁နာက်ပိုင်း အနောက်နိုင်ငံရေးဂုရုတွေကိုယ်တိုင် အထောက်အပံတွေ၊ချေးငွေတွေ၊ ပံ့ပိုးမှုမျိုးစုံနဲ့ တခဲနက် အုံနဲ့ကျင်းနဲ့ ဝင်ရောက်လာခဲပေမယ့့် နဂိုရှိပြီးသား ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ အရင်းအမြစ် အင်စတီကျူးရှင်းကြီးဟာ မလိုက်လာနိုင်ခဲ့ပါဘူး။ အဲဒီတုန်းက ဒီမိုကရေစီ၊အရပ်ဖက်အဖွဲအစည်း၊ စီးပွားရေး၊ ဖယ်ဒရယ်၊ လူ့အခွင့် အရေး စတဲ့ဖွံဖြိုးရေးခေါင်းစဉ်အမျိုးမျိုးနဲ့ ဒေါ်လာတွေ ဘီလျံချီအကုန်ခံပြီး ပြန်လည်ကုစားခဲ့တဲ့ အထောက်အပံ ပရောဂျက်တွေဟာ အခုချိန်မှာ ဘာတခုမှ အဖတ်မတင်ဘူးဆိုတာကို သတိထားမိ သင့် တယ်။

တရုတ်အပေါ်အားထားမူ
————————————–
အမေရိကန်ဆန်ရှင်နှင့်ပိတ်ဆို့မှုတွေကြောင့် မြန်မာဟာ ကြိုက်သည့့်ဖြစ်စေ မကြိုက်သည့်ဖြစ်စေ တရုတ်အပေါ် အားကိုးအားထားပြုလာရပါတယ်။ မြန်မာနိုင်ငံအတွက် အနောက်နိုင်ငံများရဲ့ဆန်ရှင်ဟာ တရုတ်သြဇာ လွမ်းမိုးင်ဖို့အတွက် တံခါးဖွင့်ပေး ခဲ့သလို ဖြစ်ခဲ့ရတာပါ။နိုင်ငံတကာဆက်ဆံရေးနယ်ပယ်ကဏ္ဍမှာ တစ်ခု၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ကဏ္ဍမှာတခု၊နိုင်ငံခြား ချေးငွေကဏ္ဍမှာတခု တရုတ်အပေါ်ကိုကဏ္ဍကြီသုံးခုနဲ့ အမှီပြုခဲ့ရတာဖြစ်ပါတယ်။ အခုလည်း ရုရှားရဲ့ခြေလှမ်းတွေဟာ သမိုင်းတကျော့ပြန်လှည့်လေမလား စဉ်းစားစရာပါ။

ကုလသမဂ္ဂ၊အီးယူအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တံဆိပ်တပ်မူတွေကို တရုတ်နိုင်ငံဟာမြန်မာနိုင်ငံအတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့ပါတယ်။ အဲဒီအတွက် မြန်မာဟာ တနည်းတဖုံ ပြန်လည်ကျေးဇူးပြုရမယ့်အပိုင်းတွေ ရှိလာပါပြီ။ ၁၉၉၀နောက်ပိုင်း တရုတ်ရင်းနှီးမြုပ်နှံမှုပေါင်းများစွာ မြန်မာပြည်ထဲကို အခြေချလာပါတယ်။ အထူးသဖြင့် လျှပ်စစ်နှင့်စွမ်းအင်ကိစ္စတွေမှာ ပိုများပါတယ်။ တရုတ်စွမ်းအင်လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ ဝန်ကြီးချုပ် ဝမ်ကြားပေါင်လက်ထက်ကစပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် ရေနံနှင့်စွမ်းအင်ရှာပုံတော်ဖွင့်ခဲ့တာဟာ ပေါ်လစီအရ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒိကတည်းက တရုတ် ရေအားလျှပ်စစ်တွေဖြစ်တဲ့ တာပိတ်၊ရးရွှေလီ၊မြစ်ဆုံ အပါ ပေါင်းလောင်း စတဲ့ရေအားလျှပ်စစ်တွေအားလုံး တရုတ်ရင်းနှီးမြုပ်နှံမှုတွေဖြစ်ကုန်ပါတယ်။ နိုင်ငံတကာဆက်ဆံရးအပေးအယူအနေနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ကျောာက်ဖြူကူမင်း ရထားလမ်း၊ရေနံပိုက်လိုင်း၊ လက်ပံတောင်းတောင်ကြေးနီးစီမံကိန်း၊ တကောင်းကြေးနီစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်း၊စတဲ့စီးပွားရေးစီမံကိန်း အကြီးကြီးတွေအားလုံး တရုတ်လက်ထဲ ထိုးထည့်ခဲ့ရတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စာရင်းများ အရ တရုတ်ရင်းနှီးမြုပ်နှံမှုဟာ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါလာ ၃၆ ဘီလျံထဲက ၁၂ ဘီလျံနဲ့ အများဆုံးစံချိန်တင်ပါတယ်။ တရုတ်ဟာ မြန်မာပို့ကုန် ၃၁.၇ % ကို မောင်ပိုင်စီးထားနိုင်ပါတယ်။ မြန်မာနိုင်ငံထဲကို တင်သွင်းတဲ့ သွင်းကုန် အားလုံးရဲ့ ၃၄.၄ % ဟာ တရုတ်နိုင်ငံသွင်းကုန်တွေကသာ စျေးကွက် စီးထားတာဖြစ်ပါတယ်။အောက်ကပုံကားချပ်ဟာ မြန်မာနိုင်ငံအတွင်း တရုတ်ရင်းနှီးမြုပ်နှံမှုဖြစ်ပါတယ်။

ရည်ညွန်း Understanding the relations between Myanmar and China by SUMANTH SAMSANI

အမေကန်နှင့် အနောက်နိုင်ငံများရဲ့ဆန်ရှင်နှင့်ပိတ်ဆို့မှုတွေလုပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့အရေးကြီးတဲ့ အရင်းအမြစ်များထုတ်ယူမှုနှင့်ပတ်သက်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမူအားလုံး တရုတ်က လက်ဝယ်ရရှိသွားတယ်ဆိုတာကို ပြောခြင်တာပါ။

စာရင်းဇယားတွေနဲ့ဖော်ပြနိုင်ခြင်းမရှိတဲ့ အဖိုးတန်ကျွန်းသစ်၊ကျောက်စိမ်းတွေ၊ အခြား ရှားပါးတဲ့ဆန်ပစ္စည်းမျိုးစုံဟာလည်း မှောင်ခိုဘဝနဲ့ တရုတ်ပြည်ဘက်ရောက်ခဲ့ရတာပါ။ ဧရာဝတီမြစ်တကျော ရွှေမျှော်တွင်းတွေ၊ ချင်းတွင်းအထက်ပိုင်းရွှေတွင်းတွေ၊ ဖားကန့်ကျောက်စိမ်းနယ်မြေတွေ၊ ကရင် မွန်နယ်စပ္ ရွှေတွင်းတွေ၊ မိုးထိမိုးမိရွှေတွင်းတွေ နေရာအမှတ်မရှိတဲ့ မြန်မာပြည်ရွှေထွက်နိုင်ခြေရှိတဲ့ဒေသတွေအားလုံး အာဏာပိုင်တွေနှင့်ပေါင်းပြီး တရုတ်ရွှေတူးသူတွေရဲ့နယ်မြေတွေဖြစ်ခဲ့ရပါတယ်။
အောက်က မြန်မာပြည်အနှံ တရုတ်ရင်းနှီးမြုပ်နှံမှုကို ဖော်ပြထားတဲ့မြေပုံပါ။

ရည်ညွန်း Understanding the relations between Myanmar and China by SUMANTH SAMSANI

တရုတ် ငှက်ပျော်စိုက်ခင်းတွေ၊ တရုတ်ရဲ့စိုက်ခင်းတွေ စတဲ့မြေယာပိုင်ဆိုင်မှု အရှုပ်အထွေးတွေကလည်း အများကြီးပါ။ မန္တလေးမြို့ကြီးတွေ၊ ရန်ကုန်လိုမြို့ကြီးတွေ၊ ယုတ်စွာအဆုံး နေပြည်တော်လိုမြို့တော်မျိုးမှာတောင်ရှိနေတဲ့ တရုတ်မြေတွေ၊ ရခိုင်ကမ်းရိုးတန်းလိုနေရာတွေမှာ တရုတ်လက်ဝယ်ရှိနေတဲ့မြေတွေ အများကြီးပါ။ ပြည်ကြီး တရုတ်လူမျိုးစစ်စစ်တွေပိုင်တဲ့ ဟိုတယ်တွေ မြန်မာပြည့်အနှံပါ။

ဆိုလိုတာက ဒါတွေဟာ အကြောင်းမဲ့ဖြစ်လာတာမဟုတ်ပါဘူး။ ၁၉၈၈ နောက်ပိုင်း နိုင်ငံတကာအခင်းအကျင်းတွေမှာ တရုတ်ကိုအားကိုးခဲ့ရမူ၊ နိုင်ငံခြားရင်းနှီးမြပ်နှံမှုတွေအပေါ် တရုတ်ကိုအားကိုးခဲ့ရမူ၊ အစိုးရခြင်းအစို ချေးငွေတွေအပေါ်မှာ တရုတ်နိုင်ငံကို အားကိုးခဲ့ရမူတွေရဲ့ အကျိုး ဆက်တွေဆို မှားဟန်မတူပါဘူး။ ဒီလို သမိုင်းမှာခါးသီးတဲ့ သင်ခန်းစာတေ ပြည်ညက်နေပြီးဖြစ်ပါတယ်။ ဒါဟာ အကျိုးကြောင့် အကြောင်းဖြစ်၊ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာပါပဲ။

အာရှနိုင်ငံတစ်ချို့ရဲ့ပြစ်တင်ဝေဖန်မှု အခုဖန် သမိုင်းတပတ်လည်မှုနှင့်အတူ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ အင်ဒီုနီးရှားနိုင်ငံခြားရေးဝန်ကြီး အစရှိသဖြင့် အာစီယံခေါင်းစဉ်အောက်ကနေ မြန်မာအရေးနှင့်ပတ်သက်ပြိး များစွာဝေဖန်ပြစ်တင်မှုတွေပြုလုပ်နေတယ်ဆိုတာကို အားလုံးကြားသိပြီးဖြစ်မှာပါ။ အာစီယံထိပ်သီးအစည်းအဝေးမှာတောင် (၅)ချက်ပြဌာန်းခဲ့ပြီး လိုက် နာဆောင်ရွက်ရန် တွန်းအားပေးနေတာ ယခုအချိန်အထိဖြစ်ပါတယ်။

၁၉၆၀ကျော်က အာစီယံ ဖွဲ့စည်းခဲ့ပေမယ့့် အဲဒီ ဖွဲ့စည်းပြီးတဲ့နောက် အင်ဒိုနီးရှားအာဏာသိမ်းမှု (ဗိုလ်ချုပ်ကြီးဆူဟာတိုလက်ထက်)၊ ထိုင်းစစ်ဘက်အာဏာသိမ်းမှုအကြိမ်ကြိမ်၊ ဖီလစ်ပိုင်နိုင်ငံရေး ၁၉၈၆ (မားကိုစ်ပြုတ်ကျ) ကမ်ဘေားဒီယားနိုင်ငံရေးအကြပ်အတည်း (၁၉၉၀ခုနှစ်များက ကုလသမဂ္ဂကြီးကြပ်ရွေးကောက်ပွဲ၊ ၁၉၉၈ အင်ဒိုနီးရှားနိုင်ငံရေးအကြပ်အတည်း (သမ္မတကြီး ဆူဟာတိုပုတ်ကျ) စတဲ့ အာစီယံနိုင်ငံများရဲ့ နိုင်ငံရေးအကြပ်အတည်းများ ဖြစ်ပေါ်ခဲ့ချိန်မှာ မြန်မာအရေးနှင့်နှိုင်းယှဉ်ပြီး အာစီယံရဲ့ ရပ်တည်မှုကို ပြန်လည်ဖော်ထုတ်ဖို့လိုနေသလား မေးခွန်းထုတ်စရာဖြစ်ပါတယ်။

အခုတော့ အာစီယံဟာ ၂၀၁၄ ထိုင်းစစ်ဘက်အာဏာသိမ်းမှု ဘယ်လိုတုန့်ပြန်ခဲ့သလဲဆိုတာကိုပူပူနွေးနွေးဥပမာပေး ဆွေးနွေးရတာဖြစ်ပါတယ်။ အခြားတဖက်မှာလည်း အမေရိကန်ရဲ့ အကြပ်အတည်းပြုမှု၊ အာစီယံရဲ့ဘေးတီးမှုတွေဟာ ယခင် စစ်အစိုးရက လမ်းရိုးအတိုင်း တရုတ်အပေါ် လုံးလုံးလားလား အားကိုးမှုကနေ ရုန်းမထွက်နိုင်မှာကို စိုးရိမ်ပါတယ်။

အထိးကျန်တဲ့နိုင်ငံတကာဆက်ဆံရေး၊ တရုတ်အပေါ်အလွန်အမင်းမှီခိုခဲ့ရတဲ့ စီးပွားရေးကဏ္ဍများရဲ့အကျိုးဆက်ကြောင့် ၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ အထိ ဒီမိုကရေစီ ဂုရုနိုင်ငံများအားလုံး ထောက်ပံမှု
တွေ၊ပံ့ပိုးမှုတွေ ချေးးငွေတွေဟာ ၂၀၂၁နာက်ပိုင်းအဟောသိကံ ဖြစ်သွားခဲ့တယ်ဆိုတာကိုလည်း မမေ့ထားကြပါနဲ့အုန်း။ အခုအချိန်ကတော့ တရုတ်ရဲ့လမ်းဟောင်းအတိုင်း ရှရှားနိုင်ငံက ဝင်ရောက်ဖို့ဖြ စ်လာပြီလားဆိုတာကို သံသယရှိပါတယ်။
အဲဒီလို ဖြစ်လာပြီဆိုရင် သမိုင်းဟာ တကျော့လည်လာတာဘဲ အဖတ်တင်ပါလိမ့်မယ်။

1-Understanding the relations between Myanmar and China by
SUMANTH SAMSANI
2- Internet News

#voiceofmyanmar #VOM #သန်းစိုး(ဘောဂဗေဒ) #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW