ပခုက္ကူခရိုင်ထဲမှာ လက်သည်မပေါ်ပဲ အသတ်ခံထားရသူ ၁ နှစ်အတွင်း ၂ ရာဝန်းကျင်ရှိ

သြဂုတ် ၊ ၄ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက ရေစကြို ၊ မြိုင် ၊ ပေါက် ၊ ဆိပ်ဖြူ နဲ့ ပခုက္ကူ စတဲ့မြို့တွေမှာ ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်ကနေ ဒီနှစ် ဇူလိုင် အထိ ၁ နှစ်အတွင်း လက်သည်မပေါ်ပဲ အသတ်ခံရတဲ့ လူပေါင်း ၂ ရာဝန်းကျင်ရှိတယ်လို့ ပခုက္ကူဒေသခံ လူမှုကူညီရေး အဖွဲ့တွေရဲ့ မှတ်တမ်းအရ သိရပါတယ်။

” ပခုက္ကူခရိုင် ၄ မြို့နယ်ထဲမှာ အသတ်ခံရသူ ၂ ရာဝန်းကျင်ရှိတယ် ၊ အသတ်ခံရတဲ့သူတွေက ပညာရေး ဝန်ထမ်းတွေ ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ၊ ဝန်ထမ်း မိသားစုဝင်တွေ ၊ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ ၊ ဘုန်းကြီးတွေနဲ့ သာဿနာ့အနွယ်ဝင် သီလရှင် အပါအဝင် ကားသမားတွေ ဖြစ်တယ် ” လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

လတ်တလော ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေနဲ့ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံ ပရဟိတသမားက

” မနေ့ သြဂုတ် ၂ ရက် ၊ ညနေပိုင်းက မန္တလေးက ဆေးကုပြန်လာတဲ့ မြို့နယ်ပညာရေးမှူး ဟောင်း အငြိမ်းစားဖြစ်သူ သားအဖ ၂ ယောက်ကို မြိုင်မြို့နယ် ၊ ကြည့်ကန်ကျေးရွာနားမှာ ကားပေါ်ကနေ ဆွဲချပြီး အသတ်ခံရတယ် ၊ သေဆုံးသူတွေကတော့ ၊ ဦးဌေးညွှန့် ၈၁ နှစ်နဲ့ သူ့သမီး မလဲ့ရည်ဝင်းတို့ ဖြစ်တယ် ၊ ဒါ့အပြင် မြိုင်မြို့နယ် အိုးရင်းကျေးရွာကနေ ထန်းပင်ကန် တောတိုက်မှာ တောင်သူ လုပ်ကိုင်နေတဲ့ ဦးကျော်မင်းနိုင် ၄၁ နှစ်လည်း အသတ်ခံရတယ် ” လို့ ပြောပါတယ်။

ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ တပ်ကုန်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် မနက်ပိုင်းက ဦးဝင်းအေး ၊ ဒေါ်ခင်လင်းကြည် ၊ ဒေါ်ခင်မြင့်စိုး နဲ့ ၃ နှစ်အရွယ် မောင်ဉာဏ်လင်းအောင် အပါအဝင် လူ ၄ ယောက် သတ်ခံရပြီး ရုပ်အလောင်းတွေကို မီးရှို့သွားတာ ဖြစ်ခဲ့ပါသေးတယ် ။

ဒါ့အပြင် ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ သင်းပေါင်းကန်ကျေးရွာ တောင်ဘက်က ၊ သမန်းကန်ဆည်ဘောင်နားမှာ ​ပြီးခဲ့တဲ့ ဇွန် ၂၅ ရက် နေ့ခင်းပိုင်းက ၂ လောင်းပြိုင် လူသတ်ဖြစ်ပွားပြီး သေဆုံးသူတွေကတော့ ဦးသိန်းထွန်း နဲ့ သူ့မိန်းမ ဒေါ်ဌေးလှ တို့ဖြစ်တယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ် ၊ အလယ်စုကျေးရွာမှာ ပြီးခဲ့တဲ့မေ ၂၆ ရက် ၊ မနေ့က မနက်အစောပိုင်းက ကုန်စုံဆိုင် ပိုင်ရှင်လင်မယား အသတ်ခံရတာ ဖြစ်ခဲ့ပါတယ် ၊ သေဆုံးသူတွေကတော့ ဦးညိုမြင့် နဲ့ သူ့မိန်းမ ဒေါ်သီတာမိုးတို့ ၂ ဦးဖြစ်တယ်လို့ ဆိပ်ဖြူမြိုခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ဇယမကျေးရွာမှာ ပြီးခဲ့တဲ့ မေ ၂၇ ရက် က ၃ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပါတယ် ၊ သေဆုံးသူတွေကတော့ သာဿနာ့ ဇောတိပါလကျောင်းက သက်တော် ၆၁ နှစ် ၊ ဝါတော် ၄၀ ရ ၊ ဆရာတော် ဥူးသောမလောက နဲ့ ရွာထဲက ဦးဇော်ဝေ နဲ့ သူ့မိန်းမ မနွယ်တို့ ဖြစ်တယ်လို့ နယ်ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

ပခုက္ကူမြို့ ၊ အမှတ် ၁ ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်းနဲ့ သီတာလမ်းထောင့်မှာရှိတဲ့ ရဲအရာရှိ တစ်ဦးရဲ့ နေအိမ်မှာလည်း ပြီးခဲ့တဲ့ မေ ၁၇ ရက် ၊ နေ့လယ် ၂ နာရီခွဲ ဝန်းကျင်က ၂ လောင်းပြိုင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူခရိုင် ရဲအသိုင်းအ ဝိုင်းဆီက သိရပါတယ်။

ပခုက္ကူခရိုင်ထဲမှာ လူသတ်မှု အများဆုံး ဖြစ်တဲ့ မြို့နယ်ဟာ မြိုင်မြို့နယ်ဖြစ်ပြီး ၊ ရေစကြိုက ဒုတိယ ၊ ပေါက်မြို့နယ်က တတိယ ၊ ပခုက္ကူ နဲ့ ဆိပ်ဖြူမြို့နယ်က စတုတ္ထ နေရာမှာ ရှိတယ်လို့ လူမှုကူညီရေး အဖွဲ့တွေက ဆိုပါတယ်။

ပခုက္ကူခရိုင်အတွင်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းမှတ်တမ်း ရေးဖွင့်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီ လူသတ်မှုတွေမှာ ဘယ်သူတွေက ဘာကြောင့် သတ်တယ်ဆိုတာကိုတော့ VOM အနေနဲ့ အတည်ပြုပေးနိုင်တာ မရှိပါဘူး။

#voiceofmyanmar #VOM #ပခုက္ကူခရိုင်လူသတ်မှုများ

Related posts

Leave a Comment

VOM News

FREE
VIEW