JLPTလျှောက်လွှာ စရောင်းချိန် လူစုလူဝေးဖြစ်လို့ အွန်လိုင်းကပဲလက်ခံမယ်ဆိုတာကြောင့် လျှောက်လွှာဝယ်ယူသူတွေ အခက်တွေ့

ဩဂုတ် ၅-၂၀၂၂
VOM (GG)

ရန်ကုန်မှာ ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ JLPT 2022 အတွက် လျှောက်လွှာ စတင်ရောင်းချတဲ့ ဒီနေ့ ဩဂုတ် ၅ ရက်နေ့ မနက်ပိုင်းမှာပဲ လူပေါင်း ထောင်နဲ့ချီလာရောက်ခဲ့တာကြောင့် လူစုလူဝေးဖြစ်ပေါ်ခဲ့လို့ လျှောက်လွှာရောင်းချမှုကို ပိတ်လိုက်​ပြီး အွန်လိုင်းကသာ ရောင်းချတော့မယ်လို့ JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဒါ့ကြောင့် ရန်ကုန်ပညာရေးတက္ကသိုလ်အရှေ့မှာ လျှောက်လွှာဝယ်ယူဖို့ လာရောက်စောင့်ဆိုင်းခဲ့သူတွေအကြား ရုန်းရင်းဆန်ခတ်အချို့ဖြစ်ခဲ့ကြောင်း နဲ့ ၊ တာဝန်ရှိသူတွေက စစ်တပ်ကိုခေါ်ယူပြီး လူစုခွဲခိုင်းတာတွေပါ လုပ်ခဲ့လို့ လျှောက်လွှာဝယ်ယူသူတွေ ဒုက္ခရောက်ခဲ့ရတယ်လို့ သိရပါတယ်။

လျှောက်လွှာ တန်းစီသူတွေဟာ ဝယ်ယူဖို့အတွက် မနက် ၂ နာရီလောက်ကတည်းက လာရောက်စောင့်ဆိုင်းနေကြတာဖြစ်သလို၊ ဖြစ်လို့ MAJA ရဲ့ လုပ်ဆောင်မှုက လို့ လျှောက်လွှာ၀ယ်ယူဖနု့စောင့်သူတဦးက ပြောပါတယ်။

” မနက် ၃နာရီကတည်းက လူအုပ်ကြီးရောက်နေပြီ ။ဒါပေမယ့် သူတို့က မနက် ၅ နာရီကျော်လောက်မှာ အွန်လိုင်းကနေ ဝယ်ရမယ်ဖြစ်သွားတယ်။ အကုန်လုံး မိုးရွာထဲမှာ လာစောင့်နေကြတာ စိုရွှဲလို့။ တချို့ဆို မူးလဲတာတွေရှိတယ်။ တချို့ဆိုရင် နယ်ကနေလာပြီး တည်းခိုစရိတ်၊ ခရီးစရိတ်ကုန်ကျခံပြီး လာစောင့်ပြီး ဝယ်ကြတာ၊ လူစုလူဝေးဖြစ်လို့ဆိုပြီး စစ်တပ်ခေါ်လူစုခွဲခိုင်းလို့ ပြေးရသေးတယ်။ အဲ့ဒီ အသင်းက တာဝန်ယူမှုတာဝန်ခံမှုလုံးဝမရှိဘူး။ တချို့ဆို နယ်ကနေလာပြီးဝယ်ကြတာ။ အရမ်းစိတ်ပျက်စရာကောင်းပြီး စီမံခန့်ခွဲမှုညံ့ဖျင်းလွန်းတယ် “လို့ လျှောက်လွှာ ဝယ်ယူဖို့စောင့်ဆိုင်းခဲ့သူတဦးကပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက် နေ့ကလည်း မန္တလေးမှာ လျှောက်လွှာ ဝယ်ယူသူတွေများလို့ လူစုလူဝေးဖြစ်တာကြောင့် သက်ဆိုင်ရာကနေ လုံခြုံရေးအရ ဆက်လက်ရောင်းချခြင်းမပြုဖို့ တားမြစ်ခြင်းခံခဲ့ရသလို JLPT စာမေးပွဲလျှောက်လွှာရောင်းချခြင်းကို အွန်လိုင်းကသာ လုပ်ဆောင်မယ်လို့ ကြေညာခဲ့ပါသေးတယ်။

” ကလေးတွေအတွက် ကျမ ကိုယ်တိုင် ကြိုးစားပြီး အစောကြီးထသွားပြီး တန်းစီပေးခဲ့ပေမယ့် မရခဲ့ပါဘူး ။ စီမံခန့်ခွဲမှု အင်မတန်မှ ညံ့ဖျင်းလွန်းအားကြီး တာကြောင့် JLPT စာမေးပွဲကို ကျမ သင်တန်းသားတွေကိုဖြေခိုင်းတော့မှာ မဟုတ်ပါဘူး။ တခြား ဂျပန်စာမေးပွဲတွေပဲဖြေခိုင်းတော့မှာပါ။ ဒီလို စည်းမရှိ ကမ်းမရှိ စီမံခန့်ခွဲမှု မရှိတဲ့သူတွေနဲ့ ရှေ့ဆက်မသွားပါဘူး “လို့ ဂျပန်စာသင်တန်းကျောင်း ဆရာမတဦးကပြောပါတယ်။

ဒီနေ့ ရန်ကုန်မှာ N4 level လျှောက်လွှာဝယ်ယူဖို့လာရောက်စောင့်ဆိုင်းခဲ့သူဟာ လူ ၅၀၀၀ လောက်ရှိခဲ့တယ်လို့ အသင်းကထုတ်ပြန်ထားပါတယ်။

လျှောက်လွှာတစ်စောင်ကို ၃၀၀၀ကျပ်ဖြစ်ပြီး စာမေးပွဲ၀င်ကြေးမှာလည်း N1, N2, N3 အတွက် ၄၀၀၀၀ကျပ်နဲ့ N4, N5 အတွက် ၃၅၀၀၀ကျပ်ဖြစ်ပြီး ရန်ကုန်၊ မန္တလေး အကုန်လုံးကို အွန်လိုင်းစနစ်နဲ့သာ ရောင်းချပေးမယ်လို့ JLPTရဲ့ထုတ်ပြန်မှုအရသိရပါတယ်။

ဒီနေ့ ရန်ကုန် ဖြစ်စဥ်နဲ့ပတ်သက်ပြီး MAJA ဆီ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

#voiceofmyanmar #VOM #JLPTလျှောက်လွှာ #လူစုလူဝေးဖြစ် #အွန်လိုင်းကနေရောင်းချမယ်

Related posts

Leave a Comment

VOM News

FREE
VIEW