ရေဦးခရိုင်ထဲမှာ လေကြောင်းကနေ ပစ်ခတ်တာတွေကြောင့် လယ်ယာလုပ်ငန်းတွေ ရပ်နားထားရ

သြဂုတ် ၊ ၆ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင်ထဲက ၊ ဒီပဲယင်း ၊ ရေဦး ၊ တန့်ဆည် စတဲ့မြို့နယ်တွေဘက်ကို ဩဂုတ် ၁ ရက်နေ့က စလို့ မနေ့ သြဂုတ် ၅ ရက်အထိ နေ့တိုင်းလိုလို ရဟတ်ယာဥ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတဲ့အတွက် ဒေသခံ တောင်သူတွေဟာ လယ်ယာလုပ်ငန်း လုပ်ကိုင်ဖို့ ခက်ခဲလာတဲ့ကြောင့် တောင်သူလုပ်ငန်းတွေကို နားထားရတယ်လို့ ရေဦးနယ်ခံတွေဆီက သိရပါတယ်။

” ဒီလ ၂ရက် နဲ၊ ၃ ရက်က ရေဦးနယ်ဘက်မှာ လေကြောင်းကနေ ပစ်တယ် ၊ မနေ့ကနဲ့ ဒီနေ့တော့ ဒီပဲယင်းနယ်ဘက်မှာ ပစ်တာပါ ၊ အဲ့ဒီဘက်မှာ တောင်သူတချို့ လုပ်ငန်းခွင်မှာ ထိမှန်တာတွေရှိတယ် ၊ အဲ့ဒါကြောင့် တောင်သူလုပ်ငန်းတွေ အများစုက ရပ်နားထားကြတယ် ” လို့ ရေဦးမြို့နယ် ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် လေကြောင်း ပစ်ခတ်တာတွေနဲ့ ပတ်သက်ပြီး ဒီပဲယင်းနယ်ခံ တယောက်က

” ၄ ရက်နေ့ မနက်ပိုင်းက အင်ပင်၊ ယဒင်နဲ့ ကိုင်းကံရွာ အနီးတဝိုက်ကို လေကြောင်း ပစ်ခတ်တာတွေရှိတယ် ၊ အဲ့ဒီမှာ ကောက်စိုက် သမ ၂ ဦး ထိမှန်ဒဏ်ရာရတယ်လို့ ကြားရတယ် ၊ နောက်ပြီး ရွာထဲကနေ ထွက်ပြေးတိမ်းရှောင်ဖို့ သွားလာနေတဲ့ လူတချို့လည်း ထိမှန်ဒဏ်ရာရတယ် ” လို့ ပြောပါတယ်။

အဲ့ဒိအပြင် ဒီပဲယင်းမြို့နယ်ထဲက အင်ပင်၊ ယဒင် ရွာအပါအဝင် လျှော်ဖြူ၊ မကျည်းစောက်၊ ကိုင်းကံ၊ ထန်းတပင်၊ မကျည်းအုပ်၊ နဂါးဘို၊ ကျည်ရွာ ၊ ကုန်း၊ ဆည်ကြီးတော၊ ဘုရားထွက် ၊ ပျံကျ၊ နှမ်းပဲလှ စတဲ့ ရွာတွေဘက်ကို ဒီလထဲမှာ လေကြောင်းပစ်ခတ်တာ ၈ ကြိမ်ထက်မနည်းရှိတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကိုရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

” ဒီပဲယင်းမြို့နယ်မှာက မြို့ပေါ်ရပ်ကွက် ၂ ရပ်ကွက် နဲ့ စိုင်ပြင်မြို့နယ်ခွဲမှာက မြို့ပြ ရက်ကွက် ၅ ရပ်ကွက်ရှိတယ် ၊ ဒီပဲယင်းမြို့နယ်မှာ ရပ်ကွက် ၇ ခု ၊ ကျေးရွာအုပ်စု ၅၆ အုပ်စု ၊ ရှိတဲ့အနက် ရပ်ကွက် ၇ ခုနဲ့ ကျေးရွာအုပ်စု ၆ အုပ်စုလောက်ပဲ နယ်မြေ အခြေအနေ တည်ငြိမ်တယ် ၊ ကျန်တဲ့ ကျေးရွာအုပ်စု ၅၀ မှာက နေ့တိုင်းလိုလို အလှည့်ကျ ပစ်ခတ်တိုက်ခိုက်ခံနေရတာ” လို့ ဒီပဲယင်းနယ် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း တယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာ အတော်များများဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ အဲ့ဒီလို ထွက်ပြေးတိမ်ရှောင်နေသူ အရေအတွက်ဟာလည်း ပြီးခဲ့ ဇူလိုင်လက ၃ ထောင်ဝန်းကျင်ရှိခဲ့ပေမယ့် အခုလဆန်းပိုင်ကစလို့ ဒုက္ခသည် ၅ ထောင်အထိ တိုးမြင့်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရေဦးမြို့နယ် တင်းတိန်ရံ တိုက်နယ်ထဲက ကျေးရွာတွေနဲ့ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတချို့လည်း အလားတူ တောင်သူလုပ်ငန်းတွေ ရပ်နားထာပြီး ဘေးလွတ်ရာကို ပြေးနေရတာတွေရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေဦးခရိုင် #လေကြောင်းပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW