ဧရာဝတီတိုင်းက ပြည်သူတွေဆီမှာ ဒရုန်းတွေရှိရင် သက်ဆိုင်ရာကိုလာအပ်ဖို့ လိုက်လံကြေညာနေ

ဩဂုတ် ၆-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းထဲက ပြည်သူတွေဆီမှာ ဝေဟင်ကနေ ရိုက်ကူးရေးလုပ်ရာမှာ အသုံးပြုရတဲ့ ဒရုန်းယာဉ်တွေရှိရင် နီးစပ်ရာရဲတပ်ဖွဲ့နဲ့စီမံအုပ်ချုပ်ရေးတာဝန်ရှိသူတွေဆီ အမြန်ဆုံးလာအပ်ပေးကြဖို့ အသံချဲ့စက်တွေနဲ့လိုက်လံကြေညာနေတယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။

”မနေ့လာကြေညာသွားတာ၊ဝေဟင်ကနေ ရိုက်ကူးရေးလုပ်ရာမှာအသုံးပြုရတဲ့ ဒရုန်းယာဉ်တွေကို လာအပ်ဖို့လိုက်ကြေညာတာပါ၊ကိုယ့်နေရာမှာပဲ ကြေညာတယ်ထင်တာ တတိုင်းလုံးနီးပါးကြေညာတာလို့ သိရတယ်၊ထွေအုပ်ဝန်ထမ်းတွေနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ကြေညာတာပါ၊အသံချဲ့စက်တွေနဲ့ လိုက်အော်ခဲ့တာ တနေ့ကို တမျိုး မရိုးစေရဘူး၊ကျွန်မတို့ဆီမှာတော့ ဘာဒရုန်းမှမရှိဘူး။”လို့မအူပင်မြို့ခံတဦးကပြောပါတယ်။

ဒရုန်းတွေ လာအပ်ကြဖို့အတွက် မအူပင်၊ဟင်္သာတ၊ကျိုက်လတ်၊ပန်းတနော်၊ ညောင်တုန်း၊ဓနုဖြူ၊ဇလွန်၊မြန်အောင်၊ကြံခင်း၊ဘိုကလေး စတဲ့မြို့နယ်တွေအပြင် အခြားမြို့နယ်တွေမှာလည်း ကြေညာတာတွေရှိတယ်လို့သိရပြီး လာအပ်ခိုင်းတဲ့ ဒရုန်းဟာအလှူပွဲတွေ မင်္ဂလာဆောင်တွေနဲ့ ပွဲလမ်းသဘင်တွေမှာ ဝေဟင်ကနေရိုက်ကူးရေးလုပ်တဲ့ အခါအသုံးပြုကြတာများတယ်လို့ သိရပါတယ်။

”သာမာန်သူတွေဆီမှာတော့ ဒါတွေကရှိခဲပါတယ်၊အလှူပွဲ၊ မင်္လာဆောင်ပွဲနဲ့ ပွဲလမ်းသဘင်တွေမှာ ဓါတ်ပုံနဲ့ ရုပ်သံမှတ်တမ်းရိုက်ပေးသူတွေဆီမှာသာရှိတာများပါတယ်၊ ဒီလုပ်ငန်းရှင်တွေကတော့ အဆုံးရှုံးတွေထပ်ရှိလာပါတယ်၊ဘာကြောင့်အပ်ခိုင်းတာလည်းဆိုတာ မပါပေမယ့် မအပ်ရင်တော့ဖမ်းမယ်လို့ကြေညာသွားတာ၊နီးရာဓား ကြောက်နေရလို့အပ်တဲ့သူတွေလည်းအပ်ကြမှာပါ။”လို့ ဟင်္သာတမြို့ခံတဦးကပြောပါတယ်။

လာအပ်ခိုင်းထားတဲ့ ဒရုန်းဆိုတာတွေကို လာမအပ်ဘဲ ကြေညာချက်ကိုမလိုက်နာရင်၊ ထိန်ချန်ထားလို့ လာစစ်ဆေးတဲ့အခါတွေ့ရင် ပစ္စည်းတွေကိုသိမ်းပြီးလူကိုဖမ်းဆီးမယ်လို့ကြေညာသွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ဧရာဝတီတိုင်းက
မြို့နယ်တွေမှာ MRTVနဲ့ MWD ရုပ်သံလိုင်းတွေကိုသာကြည့်ကြဖို့ အခြားရုပ်သံလိုင်းတွေကိုမကြည့်ဖို့၊ သေနတ်အပါအဝင် လက်နက်ပစ္စည်းတွေနဲ့လူတွေ့ရင် အကြောင်းကြားပေးဖို့၊ လူကိုသေစေနိုင်တဲ့လုပ်သေနတ်အပါအဝင် လက်နက်ပစ္စည်းတွေလာအပ်ဖို့အတွက် ရပ်ကွက်နဲ့ကျေးရွာတွေမှာအသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာ၀တီ

Related posts

Leave a Comment

VOM News

FREE
VIEW