ဧရာဝတီတိုင်းထဲမှာ ပြည်သူ့စစ်လုပ်ဖို့ စာရင်းထဲပါတဲ့လူငယ်တွေ မလုပ်ချင်လို့ထွက်ပြေးနေရ

သြဂုတ် ၉ ၊၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းထဲက ကျုံပျော်မြိုနယ်အပါအဝင်မြို့နယ်တချို့မှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ အမည်စာရင်းပါတဲ့လူငယ်တွေဟာ ပြည်သူ့စစ်မလုပ်ချင်လို့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

”ပြည်သူ့စစ်သင်တန်းတက်မယ့်သူတွေစာရင်းကို တပ်ကလာကောက်သွားပြီး အဲ့ဒီသင်တန်းတက်ဖို့ စာရင်းမှာပါတဲ့လူငယ်တွေက အခုထွက်ပြေးကုန်ကြတယ်၊စာရင်းရှိပြီးလူတွေက ပြည်သူစစ်မလုပ်ချင်လို့ မရှိကြတော့လို့ ထွက်ပြေးကုန်ကြတာပါ၊ကျွန်တော်တို့ ကျုံပျော်မြို့နယ်ထဲမှာဆို အင်းရဲမြို့၊အထောင်မြို့၊ရှားခဲကျေးရွာတွေကလူငယ်တွေထွက်ပြေးကုန်ကျတာ၊အုပ်ချုပ်ရေးမှူးတွေစာရင်းကောက်တာမဟုတ်ဘဲ ပြည်သူ့စစ်သင်တန်းတက်ဖို့ အစ်မတို့အိမ်က ဘယ်သူပါတယ်၊ခင်ဗျားတို့အိမ်ကဘယ်သူပါတယ် ဒီလိုအသိပေးတာပဲလုပ်သွားတာ။”လို့ ကျုံပျော်မြို့ခံတယောက်ကပြောပါတယ်။

ကျုံပျော်မြို့နယ်ထဲက ဒေသခံ လူငယ် အယောက် ၃၀ ဟာ သက်ဆိုင်ရာက ခေါ်ယူစာရင်းကောက်ထားတဲ့ ပြည်သူ့စစ်သင်တန်းကို မတက်ချင်လို့ ရွာကနေ ထွက်ပြေးတိမ်းရှောင်သွားကြပြီး သာပေါင်းမြို့နယ်က လူငယ်တွေကလည်း ပြည်သူ့စစ်သင်တန်းတက်ဖို့ စာရင်းထဲတော့ပါသွားပေမယ့် ကြောက်လို့စာရင်းထည့်ပေးတာပဲရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

”ရွာမှာ လူအယောက် ၆၀ စာရင်းလာကောက်သွားတယ်၊ လူငယ်တွေကို အဓိကလာကောက်သွားတာ၊လုပ်ချင်တဲ့ သူတွေက တပ်နဲ့နီးစပ်သူတွေပါ မလုပ်ချင်တဲ့သူတွေက တပ်နဲ့မရင်းနှီးသူတွေပါ၊ကျွန်တော်တို့လည်း စာရင်းထဲကို ကြောက်လို့သာထည့်ပေးလိုက်ရတာ ပြည်သူ့စစ်ကို လုပ်ကို မလုပ်ချင်ဘူး၊ စိတ်ထဲလည်းမပါဘူး။”လို့ သာပေါင်းမြို့နယ်ဒေသခံတယောက်ကပြောပါတယ်။

ကျုံပျော်မြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့သူတွေဟာ လူငယ်တွေအများစုဖြစ်ပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့ သူ့တို့ဆန္ဒအလျောက် စာရင်းပေးသွင်းထားတာ မဟုတ်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့သန်းခေါင်စာရင်းအရ အမည်စာရင်းထည့်သွားတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

”ထွက်ပြေးကြတဲ့သူတွေအများစုက ကျွန်တော်တို့လို လူငယ်တွေပါ၊သူတို့စာရင်းပေးထားတာလည်းမဟုတ်ပါဘူး၊သန်းခေါင်စာရင်းကိုကြည့်ပြီးထည့်ထားတာပါ၊အခုထွက်ပြေးသွားတဲ့ လူငယ်တွေကိုကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို လိုက်ရှာဖို့အမိန့်ပေးထားတယ်လို့သိရတယ်။”လို့ ကျုံပျော်မြို့ခံလူငယ်တဦးကပြောပါတယ်။

မိမိဒေသရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး သက်ဆိုင်ရာကနေ ပြည်သူ့စစ်ဖွဲ့ဖို့ လူအင်အားစုဆောင်းနေတာဖြစ်ပြီး ဧရာဝတီတိုင်းထဲက သာပေါင်း၊ ကျုံပျော်၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းစတဲ့မြို့နယ်တွေက ရပ်ကွက်နဲ့ကျေးရွာတခုကို လူ ၆၀ နှုန်းနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ အုပ်ချုပ်ရေးမှူးတွေကို စုစည်းခိုင်းထားတယ်လို့ လည်း သိရပါတယ်။

ဒါ့အပြင်တချို့မြို့နယ်တွေမှာတော့ တပ်နဲ့ရင်းနှီးသူတွေ၊ကြံ့ခိုင်ရေးပါတီဝင်တွေပါတဲ့ ပြည်သူ့စစ်တွေကို စစ်သင်တန်းပေးနေတာလည်းတွေ့ရတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

#voiceofmyanmar #VOM #ဧရာ၀တီတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW