ကျွန်းလှက ​မြို့နယ်ကျန်းမာရေးမှူး အသတ်ခံရတာ အပါအဝင် စစ်ကိုင်းတိုင်းထဲမှာ မနေ့က လူသတ်မှု ၃ ကြိမ်ဖြစ်

သြဂုတ် ၊ ၁၀ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာ ၊ ကျွန်းလှ ၊ ဝက်လက် စတဲ့ မြိုနယ် ၃ ခုမှာ မနေ့ သြဂုတ် ၉ ရက် ၊ ၁ နေ့ထဲမှာ လူသတ်မှု ၃ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူတွေထဲမှာ ကျန်းမာရေးမှူး ဝန်ထမ်း ၁ ဦးပါဝင်တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ကျွန်းလှမြို့နယ်က အသတ်ခံရတဲ့ကျန်းမာရေးမှူးက Non CDM ဖြစ်တယ် ၊ ဝက်လက်မြို့နယ်မှာ အသတ်ခံရတဲ့သူက တောင်သူ ဖြစ်တယ် ၊ နောက်ပြီး မုံရွာမှာ အသတ်ခံရသူက သုံးဘီဆိုင်ကယ် အငှားမောင်းတဲ့သူတွေဖြစ်တယ် ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် မနေ့က ၁ ရက်ထဲမှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး စုံးစမ်းသိရတာက ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ် ၊ နန်းသတ်ကျေးရွာမှာ နေထိုင်ပြီး ကျွန်းလှမြို့နယ် ပြည်သူ့ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ကြီးကြပ် (၁) ဦးအောင်ဇော်လင်းဆိုသူကို မနေ့ သြဂုတ် ၉ ရက် ညနေ ၆ နာရီဝန်းကျင်က နေအိမ်မှာ ရှိနေတဲ့အချိန် အမည်မသိ သေနတ်သမားတွေ ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က ညနေပိုင်းမှာပဲ မုံရွာမြို့နယ် ၊ သပြေတောကျေးရွာက သုံးဘီးဆိုင်ကယ် အငှားမောင်းတဲ့ ကိုဇင်မင်းအောင် ခေါ် ဇင်ကြီး ဆိုသူနဲ့ သူ့မိန်းမဖြစ်သူတို့ဟာ သုံးဘီးဆိုင်ကယ် ဆီထည့်ပြီး ပြန်အလာ ရွာအဝင်လမ်းမှာ အမည်မသိ သေနတ်သမားတွေက ပစ်ခတ်တဲ့အတွက် ကိုဇင်မင်းအောင်ဟာ နောက်ကျော ကျည်ဆံဖောက်ဝင် ဒဏ်ရာရခဲ့ပြီး သူ့မိန်းမဖြစ်သူ မခင်အေးချမ်းကတော့ ကျည်ဆံထိမှန် ဒဏ်ရာတွေနဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒီနောက် ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်၊ ထန်းကြီးမြောက်ရွာ (ရှေးဟောင်းပစ္စည်းတွေ ထွက်တယ်ဆိုတဲ့ရွာ)က တောင်သူ ဦးစိုးလင်း ဆိုသူဟာ မနေ့က ညနေပိုင်း နေအိမ်မှာ ရှိနေတဲ့ချိန် အမည်မသိသေနတ်သမားတွေရောက်လာပြီး ပစ်သတ်သွားတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် မနေ့က ၁ ရက်ထဲမှာ စစ်ကိုင်းတိုင်းအတွင်း လူသတ်မှု ၃ ကြိမ်းဖြစ်ပွားခဲ့ပြီး အဲ့ဒီ လူသတ်မှုတွေကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ရုံးတွေက မှုခင်းမှတ်တမ်း ရယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW