မူဆယ်မှာ အကောက်ခွန် အရာရှိ ၁ ဦး အဖမ်းခံရပြီး ၊ ၂ ဦး ပျောက်ဆုံးနေ

သြဂုတ် ၊ ၁၀၊ ၂၀၂၂
SP (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့ မှာ တာဝန်ထမ်းဆောင်နေတဲ့ အကောက်ခွန် ဦးစီးအရာရှိ ၁ ဦး အဖမ်းခံရပြီး ၊ ၂ ဦးဟာ အခုလ ၈ ရက်နေ့ကစလို့ ပျောက်ဆုံးနေတယ်လို့ မူဆယ်မြို့ခံ ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဒီလ ၈ ရက်နေ့က စပြီးပျောက်နေတာပါ ၊ ဦးစီးအရာရှိ ဦးအေးစိုးမိုး ဆိုသူကတော့ မူဆယ်မြို့ ၊ ဟိုမွန်ရပ်ကွက်မှာရှိတဲ့ ပီတိ လက်ဘက်ရည်ဆိုင်မှာ ထိုင်နေရင်း အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်သွားတာပါ ၊ ကျန် ၂ ဦးကလည်း မူဆယ်မြို့ထဲမှာ အလားတူ ပျောက်နေတာ ” လို့ နယ်စပ်ကုန်သွယ်ရေး စီးပွားရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

အကောက်ခွန် ဝန်ထမ်း ၃ ဦး ပျောက်ဆုံနေတာနဲ့ ပတ်သက်ပြီး မူဆယ်မြို့ပေါ်မှာ လမ်းတွေပိတ်ဆို့ စစ်ဆေးတာနဲ့ မသင်္ကာတဲ့နေအိမ်တွေ ဝင်ရောက်ရှာဖွေတာတွေကို သက်ဆိုင်ရာက လုပ်ခဲ့ပေမယ့် မနေ့က ညနေပိုင်းအထိတော့ ပျောက်ဆုံးနေသူတွေကို ပြန်တွေ့တယ်လို့ မကြားရသေးပါဘူး။

မူဆယ်မြို့ပေါ်မှာ အခုလ ၁ ရက်နေ့ နောက်ပိုင်းကစလို့ ပေါက်ကွဲတာတွေ ၊ ပစ်ခတ်တာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ အခုလို အကောက်ခွန်ဝန်ထမ်းတွေ ပျောက်ဆုံးနေတာဖြစ်တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

မူဆယ်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ်တွေကလည်း နယ်စပ်ကုန်သွယ်ရေး ဂိတ်စခန်းက တာဝန်ရှိသူ တချို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေ ရှိခဲ့ပေမယ့် ရက်ပိုင်းအတွင်း ပြန်လည်လွှတ်ပေးတာမျိုးတွေ ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” ဟိုအရင်ကလည်း အခုလို ဖြစ်စဥ်မျိုး ရှိခဲ့တယ် ၊ ပူပန်မိတာ တခုက ဟိုအရင်က အခြေအနေနဲ့ အခုအခြေအနေက အခြေခံသဘောတရားခြင်း မတူညီဘူး ၊ အဲ့ဒီအတွက် ပျောက်နေတဲ့ ဝန်ထမ်း ၃ ဦးအတွက် စိုးရိမ်မိတယ် ” လို့ မူဆယ်မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ရုံး နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လပိုင်းကလည်း မူဆယ်မြို့မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲ ၅ ဦးပျောက်ဆုံးခဲ့ပြီးနောက်ပိုင်း ရဲ ၃ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ခဲ့ရပြီး ၊ကျန် ရဲ ၂ ဦးကတော့ ဒီကနေ့အထိ ပျောက်ဆုံးနေတာလို့ သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW