ဧရာဝတီတိုင်းထဲက ခရိုင် ၅ ခုလောက်မှာ စပါးအပင်ဖျက်ရောဂါတွေ ကျရောက်နေပြန်

သြဂုတ် ၁၁-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းထဲက ခရိုင် ၅ ခုလောက်မှာ စိုက်ပျိုးပြီး စပါးခင်းတွေမှာ စပါးပင်ဖျက်ရောဂါတွေကျရောက်နေလို့ ဒေသခံတောင်သူတွေအခက်အခဲဖြစ်ပေါ်နေကြရတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။

”ရွှေခရုတွေကျလို့ ရှိတဲ့ပိုက်ဆံလေးနဲ့ ဆေးဝယ်သုံး ရွှေခရုတွေနှိမ့်နင်းလုပ်ပြီးပြန်တော့ အခုထပ်ပြီး ရောဂါပိုးတွေ ကျလာပြန်တော့ လယ်သမားလုပ်ရတာလည်းဒုက္ခ ပင်လယ်ဝေနေတယ်၊စပါးအပင်တွေကခြောက်လာပြီး အရွက်တွေဝါပြီးတော့ အပင်တွေကျိုးကျကုန်တာပါ၊ အဲ့ဒီလိုဖြစ်တာကို ရွက်ညိုဂုတ်ကျိုးရောဂါလို့ခေါ်ပါတယ်၊ စက်သုံးဆီဈေးကတက်၊ဓာတ်မြေသြဇာဈေးကလည်း တက်ရှိတာလေးနဲ့စိုက်ထားတာအခုတော့ ဘာမှဝယ်မသုံးနိုင်တော့လို့ ထိုင်ကိုကြည့်နေရပါတယ်။”လို့ ဖျာပုံဖြို့မှ တောင်သူတဦးကပြောပါတယ်။

ဧရာဝတီတိုင်းထဲကမြောင်းမြခရိုင်မှာ စပါးဧက ၁၃၀၀ ၊ ပုသိမ်ခရိုင်မှာ စပါး ဧက ၁၂၀၀ ၊ လပွတ္တာခရိုင်မှာ စပါး ဧက ၆၀၀၊ မအူပင်ခရိုင်မှာ စပါး ဧက ၁၂၀၀၊ ဖျာပုံခရိုင်မှာ စပါးဧက ၇၀၀ စတဲ့ခရိုင်တွေထဲက စိုက်ထားပြီးစပါးခင်းတွေမှာ သြဂုတ်လ ပထမအပတ်ကနေစတင်လို့ စပါးဂုတ်ကျိုးရောဂါနဲ့ရွက်ညိုပျောက်ရောဂါတွေကျရောက်နေတယ်လို့ ဒေသစိုက်ပျိုးရေးအသင်းတွေရဲ့စာရင်းတွေအရ သိရပါတယ်။

”လက်ရှိဧရာဝတီတိုင်းက စပါးခင်းတွေမှာဖြစ်ပေါ်နေတဲ့ စပါးအပင်ရောဂါဟာ ရွက်ညိုပျောက်ရောဂါနဲ့ စပါးဂုတ်ကျိုးရောဂါဖြစ်တယ်၊ဒီပြဿနာက တောင်သူတွေ စပါးတွေကို မျိုးကောင်းမျိုးသန့်တွေ အသုံးမပြုနိုင်ခဲ့လို့ပါ၊ စပါးတွေစိုက်ဖို့ မြေဆီလွှာတွေပြုပြင်တဲ့အချိန်တုန်းကလည်း လိုအပ်တဲ့မြေခံစပါးမစိုက်ခင်းအသုံးပြုရတဲ့ သွင်းအားစုမြေသြဇာတွေမသုံးနိုင်ခဲ့လို့ဖြစ်ပါတယ်၊ လက်ရှိကျရောက်နေတဲ့ စပါးအပင်ဖျက်ရောဂါတွေကို ကာကွယ်ဖို့ဆိုရင် ပိုက်ဆံအကုန်အကျခံနိုင်မှ အဆင်ပြေတော့မှာဖြစ်ပါတယ်၊စပါးတွေကလည်း ရွှေခရုကဖျက်လိုက်၊ရောဂါကကျလိုက်ဖြစ်နေတော့ စပါးအပင်တွေ သန်မာဖို့အခွင့်အရေး အရမ်းနည်းပါတယ်၊လုံးဝပျက်စီးသွားဖို့က များတယ်”လို့ စိုက်ပျိုးရေးပညာရှင်တဦးကပြောပါတယ်။

အဲ့ဒီရောဂါပိုးတွေကျနေတဲ့စပါးခင်းတွေနဲ့ စပါးအပင် ဖျက်ရွှေခရုတွေကျနေတဲ့ စပါးခင်းတွေမှာ ဆောင်းစပါးစိုက်တဲ့အချိန် အခုလိုမဖြစ်စေဖို့ မြေဆီလွှာပြုပြင်တာနဲ့ ဓာတ်မြေသြဇာကို စနစ်တကျသုံးစွဲတာ၊ပိုးသတ်ဆေးတွေကိုသုံးစွဲဖို့နဲ့ မျိုးကောင်းမျိုးသန့်စပါးတွေကိုရွေးချယ်စိုက်ပျိုးပြီး ပိုးမွှားအန္တရာယ်နဲ့ရွှေခရုအန္တရာယ်ကို တောင်သူနဲ့ အစိုးရပူးပေါင်းပြီး ထိထိရောက်ဆောင်ရွက်ဖို့လိုတယ်လို့ စိုက်ပျိုးရေးပညာရှင်တွေရဲ့ပြောပြချက်အရသိရပါတယ်။

ဧရာဝတီတိုင်းထဲက မြောင်းမြခရိုင်၊မအူပင်ခရိုင်၊ လပွတ္တာခရိုင်၊ဖျာပုံခရိုင်တွေမှာရှိတဲ့ စိုက်ပျိုးပြီးစပါးဧက ၄၀၀၀ ကျော်လောက်မှာ စပါးအပင်ဖျက်ရွှေခရုတွေ ကျရောက်ခဲ့လို့ ပျက်စီးခဲ့ရသေးတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #စပါးအပင်ဖျက်ရောဂါတွေကျရောက်နေပြန်

Related posts

Leave a Comment

VOM News

FREE
VIEW