ဆယ်ဇင်း တိုက်ပွဲမှာ အရပ်သား ၃၀ ကျော် သေဆုံးပြီး ၊ နေအိမ် ၄ ရာကျော် မီးလောင်

သြဂုတ် ၊ ၁၂ ၊ ၂၀၂၂
SP(VOM))

ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ် အစပ်က ဆယ်ဇင်းရွာမှာ ၅ ရက်ကြာ တိုက်ပွဲတွေဖြစ်ပြီးနောက် မနေ့ သြဂုတ် ၁၁ ရက်က သိရတဲ့ ကိန်းဂဏန်းတွေအရ သေဆုံးသူ အရပ်သာ ၃၀ ကျော်နဲ့ လူနေအိမ် ၄ ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆင်ဇင်း ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဆယ်ဇင်မှာက ရပ်ကွက် ၅ ခုရှိတယ် ၊ မီးလောင်မှုအများဆုံး ရပ်ကွက်တွေက ၊ ရက်ကွက် ၃ ၊ ရပ်ကွက် ၄ နဲ့ ရပ်ကွက်မှာ ၅ မှာဖြစ်တယ် ၊ ရပ်ကွက် ၁ မှာတော့ ၁၅ အိမ်လောက်ပဲတယ် ၊ ဆယ်ဇင်မှာက လူနေအိမ် ခြေ ၆ ရာကျော်ရှိတဲ့ထဲက ၄ ရာကျော်လောက် မီးလောင်သွားတာပါ ၊ အဲ့ဒီ မီးဘေးကြောင့် အိမ်ထောင်စု ၅ ရာဝန်းကျင် ၊ လူဦးရေ ၃ ထောင်နီးပါး ဒုက္ခရောက်ခဲ့ရတယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အရပ်သားသေဆုံးရတာတွေနဲ့ ပတ်သက်ပြီး ဒေသခံ တယောက်ပြောပြတာက

” သေတဲ့သူတွေက ဘယ်လိုမျိုး သေလည်းဆိုရင် အိမ်တွေ မီးလောင်လို့ ထွက်ပြေးအလာ ပစ်ခံရလို့ သေတာက များတယ် ၊ စာရင်းအရတော့ သေဆုံးသူ ၃၀ ကျော်မယ် ၊ အလောင်းပြန်ရတာမျိုး မရှိသေးတော့ ၊ တချို့ သေဆုံးမှုတွေက အတည်ပြုနိုင်ဖို့ ခက်ခဲနေတယ် ၊ CDM ဆရာဝန် လင်မယားဆိုရင် မိန်းမဖြစ်သူ အလောင်းတွေ့ရတယ် ၊ ယောကျ်ားဖြစ်သူ အလောင်းက ပျောက်နေတယ် ၊ အဲ့ဒီလို ပျောက်နေတဲ့သူက အယောက် ၂၀ ဝန်းကျင်ရှိတယ် ” လို့ ပြောပါတယ်။

ဆယ်ဇင်းရွာကို လေယာဥ်နဲ့ ဗုံးကျဲတိုက်ခံရတာနဲ့ ပတ်သက်လို့ ဒေသခံ တယောက်က

” ၉ ရက်နေ့က လေယာဥ်တွေ ၂စီးတွဲ ၊ သုံးစီးတွဲ လာပြီး ဗုံးကျဲတယ် ၊ အားလုံး ၉ ကြိမ်ဖြစ်တယ် ၊ ည ၁၀ နာရီဝန်းကျင်ထိ လာကျဲတယ် ၊ ဗုံးဒဏ်ထိပြီး နေအိမ်တွေပျက်စီးတယ် ၊ ရပ်ကွက် ၄ ထဲက ဒေါ်ကုလားမကြီးရဲ့ အိမ်ဆို ပြားပြားဝပ်သွားပြီး မီးလောင်သွားတယ် ၊ နားခိုရာ ဆေးခန်းက ဝန်ထမ်းအိမ်ယာဆိုလည်း ပြားချပ်ပျက်စီးသွားတယ် ၊ လေယာဥ်ဗုံးထိတဲ့နေရာဆိုရင် မီတာ ၁ ရာ ပတ်လည်လောက် ထိခိုက်ပျက်စီးတယ် ” လို့ ပြောပါတယ်။

ဆယ်ဇင်းရွာ တိုက်ပွဲဖြစ်တာနဲ့ ပတ်သက်ပြီးတော့လည်း ဒေသခံတွေက

” ပထမ စဖြစ်တာက ၇ ရက် မနက် အစောကြီး ၁ နာရီထိုးပြီးလောက်မှာ စစ်သားတွေနေတဲ့ ရဲစခန်းကို ဝင်တိုက်ခံရတယ် ၊ မိုးလင်းလု အချိန်ထိ ဖြစ်တယ် ၊ လာတိုက်တဲ့ အဖွဲ့က KIA နဲ့ PDF အဖွဲ့ဖြစ်တယ် ၊ စခန်းက ကျမသွားဘူး ၊ နောက်နေ့ကျတော့ SNA စခန်းကို KIA နဲ့ PDF က တိုက်ပြန်တယ် ၊ အဲ့ဒီမှာ SNA က ယာယီစခန်း စွန့်ခွာခဲ့ရတယ် ၊ ၉ ရက်နေ့မှာတော့ စစ်တပ် နဲ့ KIA / PDF က တပွဲ ၊ နောက်တခါ SNA နဲ့ KIA/ PDF က တပွဲ ၊ အဖွဲ့ ၄ ဖွဲ့က ပတ်လည် တိုက်နေကြတာဆိုတော့ ဘယ်အဖွဲ့နဲ့ အဖွဲ့ဖြစ်တယ်ဆိုတာ ပြောဖို့ခက်တယ် ၊ အားလုံးက ပစ်နေကြတာပဲ ” လို့ပြောပါတယ်။

အဲ့ဒီလို ပစ်ခတ် တိုက်ခိုက်တာတွေကြောင့် ဆယ်ဇင်းရွာဟာ လက်ရှိအခြေနေရ ရွာပျက်သလောက်ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #ဆယ်ဇင်းတိုက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW