နောင်ချိုမြို့မှာ ပရဟိတသမား ၆ ဦးနဲ့ မြို့ခံ လူ ၁၄ ဦး ဖမ်းဆီးခံရ

 

သြဂုတ် ၁၂-၂၀၂၂
SP (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့မှာရှိတဲ့ လူမှုကူညီရေး အသင်းက ပရဟိတသမား ၆ ဦးနဲ့ မြို့ခံ လူ ၁၄ ဦးကို မတရားအသင်းအဖွဲ့တွေကို ကူညီ ထောက်ပံ့တယ်ဆိုကာ သက်ဆိုင်ရာက ဖမ်းဆီးထားတယ်လို့ နောင်ချိုမြို့ခံတွေဆီက သိရပါတယ်။

” ၇ ရက်နေ့ညနေ ၆ နာရီဝန်းကျင်မှာ စေတနာမွန် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ နဲ့ ဖြူစင်မေတ္တာ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ၂ ဦးကို အရင်စဖမ်းတယ် ၊ နောက်နေ့ကျတော့ လူမှုကူညီရေး အသင်းသား ပရဟိတသမား ၄ ဦး ထပ်ဖမ်းခံရတယ် ၊ အဲ့ဒါနဲ့ တပြိုင်တည်း မြို့ခံ လူ ၁၄ ယောက်ကို PDFထောက်ပို့လုပ်တယ်လို့ စွပ်စွဲ​ပြီး ဖမ်းဆီးထားတယ် “လို့ နောင်ချိုဒေသရှိ လူမှုကူညီရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူပုဂ္ဂိုလ်တွေဟာ နောင်ချိုမြို့မှာ မြို့မျက်နှာဖုံး လူကြီးတွေပါဝင်သလို စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ ပရဟိတသမားတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

” လူမှုကူညီရေးအသင်း ၂ ခုက ဥက္ကဋ္ဌ ၂ ယောက် နဲ့ နောင်ချိုမြို့ခံ ၁၄ ယောက် အဖမ်းမခံရမီ ရက်ပိုင်းအလိုက Face book အကောင့်တခုက ဒီလူတွေဟာ အကြမ်းဖက်အဖွဲ့တွေဆီ ထောက်ပို့လုပ်နေတာပါဆိုပြီး တင်ထားတွေရှိတယ် ၊ အဲ့ဒီနောက်ပိုင်း အခုလို အဖမ်းခံရတာ ” လို့ နောင်ချိုမြို့ခံ တယောက်က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဒီကနေ့အထိ မိသားစုတွေနဲ့ တွေ့ဆုံခွင့်မရသလို သူတို့ကို ဘယ်မှာ ချုပ်နှောင်ထားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

နောင်ချိုမြို့ပေါ်မှာ လူမှုကူညီရေးအသင်းနဲ့ ပရဟိတ အသင်းပေါင်း ၄၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နောင်ချို

Related posts

Leave a Comment

VOM News

FREE
VIEW