ဧရာဝတီတိုင်းမှာ ဆီဈေးတက်တာကြောင့် ငါးဖမ်သူနည်းလို့ ငါးပိငါးခြောက် ဈေးတက်လာနိုင်

ဩဂုတ် ၁၂-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်းထဲက ဒေသခံတွေအသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ်လုပ်ကိုင်တဲ့ ပင်လယိကျော့ပိုက်လုပ်ငန်းတွေမှာ အဓိကသုံးရတဲ့ စက်သုံးဆီဈေးအဆမတန် မြင့်တက်နေလို့ ကျော့ပိုက်လုပ်ငန်းတွေရပ်နားလိုက်လာရတယ်လို့ ကျော့ပိုက်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

“ကျော့ပိုက်ပိုင်ရှင်တယောက်မှာ ဒီလိုစက်သုံးဆီဈေးနှုန်း မြင့်တက်မှုတွေနဲ့ရင်ဆိုင်လာရရင် လုပ်ငန်းရဲ့ အကျိုးသက်ရောက်မှုက လုပ်သားတွေအပေါ်မှာ ပိုပြီး
အကျိုးသက်ရောက်မှုဖြစ်လာပါတယ်၊ဒီကျော့ပိုက်လုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ ရေလုပ်သားတွေနဲ့ မိသားစုတွေဟာ စားဝတ်နေရေး အခက်အခဲတွေရှိလာပါတယ်၊လက်ရှိ စက်သုံးဆီဈေးနဲ့ ဘယ်လိုမျိုးရှေ့ဆက်ရင်ဆိုင်ရမလဲဆိုတာကို ချိန်ဆလုပ်ခဲ့ရတာပါ၊ရပ်တည်ရမလား၊ ရပ်ပစ်ရမလား၊ ရှေ့ဆက်လုပ်ရမလား၊ ရပ်ပစ်လိုက်ပြန်ရင်လည်း ကျွန်တော်တို့ကို မှီခိုပြီး စားသောက်နေတဲ့ အလုပ်သမားတွေရဲ့ စားဝတ်နေရေးက ကျွန်တော်တို့ ဒေသတစ်ခုထဲမှာကို ရာပေါင်းများစွာ၊ထောင်ပေါင်းများစွာ၊ မိသားစုသောင်းပေါင်းများစွာသောလူတွေ မှီခိုစားသောက်တာပါ၊ကျွန်တော်တို့ဒေသခံတွေက ၉၅ ရာခိုင်နှုန်းလောက်က ရေလုပ်ငန်းကိုမှီခိုပြီး စားသောက်တဲ့ အတွက်ကြောင့် ဒီလုပ်ငန်းတွေ ရပ်တန့်လိုက်တော့ကြီးမားတဲ့အန္တရာယ်တခုကြုံနေရပါတယ်၊မဖြစ်တဲ့အဆုံးမို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ရတာပါ”လို့ ဟိုင်းကြီးကျွန်းမြို့ကကျော့ပိုက်လုပ်ငန်းရှင်များအသင်းဝင်တဦးကပြောပါတယ်။

ဧရာဝတီတိုင်းထဲက ဟိုင်းကြီးကျွန်း၊ ငပုတော၊ ဘိုကလေး၊ လပွတ္တာ၊မော်လမြိုင်ကျွန်း၊ပြင်စလူ စတဲ့မြို့တွေက ပင်လယ်ကျော့ပိုက်လုပ်ငန်းရှင်တွေဟာ စက်သုံးဆီဈေးတွေအဆ မတန်မြင့်တက်လာလို့ လုပ်ငန်းတွေရပ်ပစ်လိုက်ရတာလို့ သိရပြီး ကျော့ပိုက်လုပ်ငန်းတွေရပ်ပစ်လိုက်ရတဲ့အတွက် ဒေသထွက် ငါးပိ၊ ငါးခြောက်လုပ်ငန်းတွေလည်း ထိခိုက်မှုတွေရှိလာတယ်လို့သိရပါတယ်။

”စက်သုံးဆီဈေးတွေ အဆမတန်မြင့်တက်လာပြီး ကုန်ကျစရိတ်မတတ်နိုင်လို့ ကျော့ပိုက်တွေကိုရပ်တာလို့
သိရတယ်၊ကျွန်မတို့က ကျော့ပိုက်လုပ်ငန်းကနေရတဲ့
ငါးအစိမ်းတွေကိုဝယ်ယူပြီး ငါးပိ ငါးခြောက်လုပ်ရတာပါ၊ လုပ်ငန်းကိုရပ်ပစ်တော့ ငါးပိ ငါးခြောက်လုပ်ဖို့ကုန်ကြမ်းတွေလည်း တက်တာ သိသိသာသာကိုနည်းသွားပါတယ်၊ ငါးအစိမ်းကုန်ကြမ်းမတက်တော့ ငါးခြောက်ဈေးကလည်း တက်လာတယ်။”လို့ ငါးပိ ငါးခြောက် လုပ်ငန်းရှင်တဦးကပြောပါတယ်။

ဧရာဝတီတိုင်းထဲက စက်သုံးဆီအရောင်းဆိုင်ကြီးတွေမှာ သြဂုတ် ၇ ရက်ကနေ ၁၁ ရက်အထိ 92 တစ်လီတာကို ငွေကျပ် ၂၅၀၀ နဲ့ 95 တစ်လီတာကိုငွေကျပ်၂၇၀၀ အထိ ဈေးတက်လာတယ်လို့သိရပြီး စက်သုံးဆီကို လိုသလောက်ဝယ်မရတဲ့အခြေအနေလည်းဖြစ်နေပြီး ပြီးခဲ့တဲ့ဇူလိုင်လထဲမှာတော့ 92 တစ်လီတာကိုငွေကျပ် ၁၉၅၀ နဲ့ 95 တစ်လီတာကိုငွေကျပ် ၂၀၅၀အထိဈေးကျခဲ့သေးတယ်လို့သိရပါတယ်။

ဧရာဝတီတိုင်းမှာ စက်သုံးဆီဈေးနှုန်းတွေ အဆမတန်ဈေးတက်နေတဲ့အပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ၊ စက်သုံးဆီတွေ၊ဆေးဝါးတွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေဟာ အရင်ကထက် ဈေးအဆမတန်မြင့်တက်နေပြီး ပြည်သူတွေမှာ အခက်အခဲများစွာရှိလာသလို ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာပါက အခြေခံလူ တန်းစားတွေ အငတ်ဘေးနဲ့ရင်ဆိုင်ကြုံတွေ့လာနိုင်
တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW