ဗန်းမောက်မြို့မှာ ၃ နေရာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး မြို့နယ်စီ/ခန့်အဖွဲ့၀င် ဗိုလ်မှူးတဦး သေဆုံး

သြဂုတ် ၊ ၁၂ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက ၃ နေရာခန့် ပစ်ခတ်မှုတွေဖြစ်ပွားပြီး မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့၀င် ဗိုလ်မှူးတဦး သေဆုံးခဲ့တယ်လို့ ဗန်းမောက်မြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီ ပစ်ခတ်တိုက်တာတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတယောက်က ” မြို့ထဲဝင်ပစ်တဲ့ အဖွဲ့က ပြောက်ကျား ဝတ်စုံတွေနဲ့ရော အရပ်ဝတ်တွေနဲ့ပါတယ် ၊ ထွေအုပ်ရုံးဘက်ကနေ ပေါက်ကွဲသံတခု အရင်စကြားတယ် ၊ နောက်မှ လက်နက်ငယ် ပစ်သံတွေ ကြားရတာပါ ၊ အဲ့ဒီ ပစ်ခတ်တာတွေကြောင့် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ (မစဖ) ဗိုလ်မှူး ကျော်မင်းဟန် သေဆုံးသွားတယ် “လို့ ပြောပါတယ်။

” မြို့နယ်ထွေအုပ်ရုံးနေရာ ၊ အောင်သာကုန်း တံတားနားနဲ့ ရဲစခန်းနားရယ် ၃ နေရာ ပစ်ခတ်တာတွေ ဖြစ်ပွားတာပါ ၊ မနက် ၉ နာရီဝန်းကျင်မှာ စဖြစ်တာပါ ၊ အချိန် ၁ နာရီလောက်ကြာတယ် ” လို့ ဗန်းမောက်ဒေသခံ တယောက်က ပြောပါတယ်။

မြို့တွင်း ပစ်ခတ်တာတွေဖြစ်ပွားပြီးနောက်ပိုင်း ဗန်းမောက်စျေးလည်းပိတ်ကာ စျေးသည်တွေ ပြန်ကုန်ကြပြီး တမြို့လုံး လမ်းသွားလမ်းလာမရှိ ငြိမ်သက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဒီမနက်ပိုင်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဗန်းမောက် အထက ကျောင်းက မူလတန်း ကလေးတွေကို သန်ချဆေးတိုက်ပြီး ပြန်လာတဲ့ ထွေ/အုပ်အဖွဲ့က လူတွေကို မြို့ထဲဝင်ပစ်တဲ့ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတာလည်း ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီ ဖမ်းဆီးခံရတဲ့ထဲက မြို့နယ်ထွေအုပ် ဒုဦးစီးမှူး ဦးမျိုးမြင့်နိုင် ဆိုသူကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့မေလကလည်း ဗန်းမောက်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲ ၂ ဦး ၊ မီးသတ် ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အောက်တိုဘာလဝန်းကျင်က ရွှေမျှောတွေကို စစ်ဆေးပြီး ပြန်လာတဲ့ ဓာတ်သတ္တုဌာနက ၁ ဦး အပါအဝင် မြို့နယ်ထွေ/အုပ် ဒုဦးစီးမှူး ၊ ဒုမြို့နယ် ရဲတပ်ဖွဲ့မှူး ၃ ဦးကို အမည်မသိအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီကနေ့အထိ မိသားစုနဲ့ အဆက်သွယ်မရသေးဘူးလို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဗန်းမောက်

Related posts

Leave a Comment

VOM News

FREE
VIEW