ရန်ကုန် – မုံရွာ Elite Express ခရီးသည်တင်ကား ၁ စီး မိုင်းထိမှန်ပြီး ခရီးသည်တွေနဲ့ ကားပါ ပျောက်ဆုံးနေ

သြဂုတ် ၊ ၁၃ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ဂွေးပင်တောကျေးရွာအနီး ၊ မန္တလေး-မုံရွာကားလမ်းမှာ မနေ့ သြဂုတ် ၁၂ ရက် မနက်အစောပိုင်းက ရန်ကုန်-မုံရွာ ခရီးသည်တင်ကား ၁ စီး မိုင်းခွဲခံရပြီး ကားနဲ့ ခရီးသည်တွေကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

” မနေ့က မနက် ၅ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ရန်ကုန်ကနေ မုံရွာကို ပြေးဆွဲလာတဲ့ Elite Express ခရီးသည်တင်ကားကို မိုင်းခွဲခံရတယ် ၊ ကားပေါ်ပါ ခရီးသည် ၁ ဦး ဒဏ်ရာရတယ် ၊ နောက်ပြီး ခရီးသည်တွေနဲ့ ကားကိုပါ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ် “လို့ မုံရွာ အဝေးပြေးကားကွင်မှာရှိတဲ့ ကားသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်လို့ မြင်းမူမြို့နယ် လုံခြုံရေး အဖွဲ့နဲ နီးစပ်သူတယောက်က ” Elite Express ကား မိုင်းထိတယ် ၊ ကားရော ခရီးသည်တွေပါ အမည်မသိအဖွဲ့တွေက ဖမ်းခေါ်သွားတယ် ၊ အဲ့ဒါကြောင့် နယ်မြေရှင်းလင်းရေးအဖွဲ့က သွားရောက်နေပါပြီ” လို့ ပြောပါတယ်။

မုံရွာ အဝေးပြေးကားကွင်းမှာရှိတဲ့ Elite Express ဂိတ် ကို မေးမြန်းတဲ့အခါ တာဝန်ယူ ဖြေကြားပေးမယ့်သူ မရှိသေးဘူးလို့ ပြန်လည်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ် ၊ ဂွေးပင်တောကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်းမှာ မိုင်းပေါက်ကွဲပြီး ပုလဲ-မန္တလေး ခရီးသည်တင်ကား ထိမှန်ကာ ကားပေါ်ပါ ခရီးသည် ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရတာ ဖြစ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက အဝေးပြေးလမ်းတွေမှာ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ မိုင်းခွဲခံရတဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ မိုင်းစထိမှန် သေဆုံးသူ ၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော် ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မြင်းမူ

Related posts

Leave a Comment

VOM News

FREE
VIEW