ရန်ကုန်မှာ လုယက်မှု၊ဓားပြတိုက်မှုနဲ့ ခိုးမှုတွေ​ကြောင့် လုံခြုံမှုမရှိ​ဘူးလို့ မြို့ခံအချို့ပြော

သြဂုတ် ၁၅၊၂၀၂၂
KK(VOM)

ရန်ကုန်က မြို့နယ်အချို့မှာ လုယက်မှု၊ခိုးမှုနဲ့ဓားပြတိုက်မှုတွေကြောင့် သွားလာနေထိုင်ရတာဟာ လုံခြုံမှုမရှိဘူးလို့ မြို့ခံအချို့က ပြောပါတယ်။

ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းမ၊ ငါးကန်လမ်းထိပ်မှာ မနေ့ သြဂုတ် ၁၄ရက် ညနေပိုင်းက ဆိုင်ကယ်ဖမ်းဆီးခံရလို့ သွားရွေးပြီး ပြန်လာသူလူငယ်တဦးဆီကနေ ဆိုင်ကယ်ကို လူသုံးဦးက ဓားထောက်လုသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဆိုင်ကယ်အဖမ်းခံရလို့ သွားရွေးတာ အပြန်မှာ ဆိုင်ကယ်ရော ဖုန်းရောအလုခံရတယ်၊ ဓားနဲ့ထောက်ထားတော့ ဘာမှလုပ်လို့မရဘူး သုံးယောက်တောင်”လို့ ပြောပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ စက်ဆန်းမီးရထားဝင်းလိုင်းမှာနေတဲ့ ဝန်ထမ်းတဦးနဲ့ညီမဖြစ်သူကို ပြီးခဲ့တဲ့သြဂုတ် ၁၁ ရက်နေ့ညက လိုင်းခန်းမှာရှိနေတဲ့အချိန် အမျိုးသားခြောက်ဦး ကားတစီးနဲ့ရောက်လာကာ ရိုက်နှက်ပြီး သိန်းတစ်ရာကျော်နဲ့ရွှေခြောက်ကျပ်သား လုယူမှုဖြစ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဝန်ထမ်းအိမ်မှာ နေတဲ့သူတောင် လုယက်ခံရတယ်ဆိုတော့ စဥ်းစားကြည့်၊ ရန်ကုန်မှာ နေဖို့မကောင်းတော့ဘူး”လို့ ပြောပါတယ်။

အဲ့ဒီလို အိမ်မှာနေတဲ့သူတွေနဲ့ အလုပ်သွားအလုပ်ပြန်နေသူတွေသာ လုယက်ခံရတာမဟုတ်ဘဲ စျေးရောင်းချနေသူတွေလည်း ဆိုင်ဖောက်ထွင်းခံရလို့ သိန်းရာနဲ့ချီကာ ပါသွားသေးတယ်လို့ သင်္ဃန်းကျွန်းမြို့ခံတဦးက ပြောပါတယ်။

“Zaw Zaw ဖုန်းဆိုင်ဆို ငွေသိန်းနှစ်ဆယ်ကျော်နဲ့ ဖုန်း ၈၈လုံး သိန်းခြောက်ရာကျော်ဖိုးပါသွားတယ် ဆိုင်အဖောက်ခံရတာ”လို့ ပြောပါတယ်။

စျေးရောင်းချနေသူတွေတင်မဟုတ်ဘဲ Taxi မောင်းသူတွေပါ ပြန်ပေးဆွဲငွေညစ်တောင်းခံတဲ့ ဖြစ်ရပ်တွေလည်း ရန်ကုန်မှာ ဖြစ်နေတယ်လို့ တောင်ဒဂုံမြို့နယ်နေသူတဦးက ပြောပါတယ်။

“တောင်ဒဂုံက ကားသမားတစ်ယောက်ဆို ထောက်ကြန့်ကိုလိုက်ပို့တာ ကားရော လူရော ပြန်ပေးဆွဲသွားပြီး သိန်းနှစ်ဆယ်နဲ့လာရွေးခိုင်းတယ်”လို့ ပြောပါတယ်။

အချို့မြို့နယ်တွေမှာလည်း လုယက်ရုံတင်မဟုတ်ဘဲ လူသတ်ပြီး ပစွည်းယူသွားတဲ့ ဖြစ်ရပ်တွေလည်းရှိတယ်လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“လှိုင်သာယာမှာဆို ဒယ်လီပို့တဲ့ကောင်လေးကို လူသတ်​ပြီး ပစ္စည်းတွေလုသွားတာမျိုးရှိတယ်၊ အခုက အိမ်မှာနေလည်း စိတ်မချရ အပြင်သွားလည်း စိတ်မချရတဲ့ဘဝမျိုးဖြစ်နေတယ်”လို့ ရှင်းပြပါတယ်။

နိူင်ငံရေးပြဿနာတွေ ဖြစ်နေတဲ့အချိန်မှာ ပစ်ခတ်မှုပြဿနာတွေကို သာမက လူသတ်လုယက် ဓားပြတိုက်နေတဲ့ကိစ္စတွေကိုပါ ဖြေရှင်းသင့်တယ်လို့ အငြိမ်းစားရဲဝန်ထမ်းတဦးက သုံးသပ်ပြောဆိုပါတယ်။

ရန်ကုန်မှာ လုယက်ဓားပြတိုက်မှုတွေအပြင် နေ့စဥ်ခရီးသွားလာရာမှာလည်း YBS ကားတွေပေါ် မှာအုပ်စုဖွဲ့ ခါးပိုက်နှိုက်တဲ့ပြဿနာတွေဖြစ်နေတာကြောင့် လုံခြုံမှုမရှိဘူးလို့ မြို့ခံအချို့ကက ပြောပါ
တယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW