ကော့ကရိတ်မှာ ၃ နေရာပစ်ခတ်မှုတွေဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲ ၅ ဦးသေဆုံး

သြဂုတ် ၊ ၁၅ ၊ ၂၀၂၂
SP( VOM)

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ၃ နေရာ ပစ်ခတ်တာတွေဖြစ်ပြီး ကော့ကရိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ကော့ကရိတ်မြို့နယ် ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဒီမနက် ၁၀ နာရီလောက်မှာစဖြစ်တယ်၊ ဒေါနတောင် လမ်းဟောင်း စစ်ဆေးရေးဂိတ်နားက ခရိုင်ရဲဝန်းနေရာ ၊ ခရိုင်ထွေ/အုပ်ရုံးနဲ့ မြန်မာ့စီးပွားရေး ဘဏ်နေရာတွေမှာ ဖြစ်တာပါ ၊ ၂ ဘက်ပစ်ခတ်ချိန် နာရီဝက်လောက်ကြာမယ် “လို့ ကော့ကရိတ် မြို့ခံ ဝန်ထမ်းတယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်နဲ့ ပတ်သက်လို့ ကရင်ပြည်နယ် ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ” ဖြစ်တာက ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဖြစ်တာပါ ၊ ခရိုင်အကူတပ်ခွဲမှူး ရဲအပတ်စဥ် ၂၀ က ရဲမှူး မင်းသန့် အပါအဝင် ရဲ ၅ ဦးကျတယ် ၊ ၄ ဦးဒဏ်ရာရတယ် ၊ လက်နက် ၅ လက်ပျောက်ဆုံးနေတယ်လို့ ကနဦး သတင်းရတယ် ၊ ရဲမှူး မင်းသန့်က ခရိုင်အကူတပ်ခွဲမှူး တာဝန်ကနေ မြို့နယ်မှူး မရှိလို့ ခေတ္တမြို့နယ်မှူး တာဝန်ထမ်းဆောင်ရင်း ကျသွားတာ ၊ အဲဒီအပြင် တပ်က ၁ ဦးနဲ့ ရဲ ၂ ဦး အရှင် ဖမ်းမိသွားတယ်လို့လည်း ကြားထားရတယ် အတည်ပြုဖို့ လုပ်နေဆဲ “လို့ ပြောပါတယ်။

ဥပဒေရုံးက ဥပဒေအရာရှိ အပါအဝင် ဝန်ထမ်း ၂ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီနောက် ကော့ကရိတ်မြို့ပေါ်မှာ ပစ်ခတ်တာတွေ မရှိတော့ပေမယ့် မြို့နားဝန်းကျင်မှာ လက်နက်ကြီး ပေါက်ကွဲသံတွေကြားနေရပြီး မြို့တွင်းနေရာတွေနဲ့ မြို့ဝင်မြို့ထွက်နေရာတွေမှာ ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ ကော့ကရိတ်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကျားဖြူတပ်ခွဲက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #ကော့ကရိတ် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW