ကိုယ်တိုင်စိုက်တဲ့ ဆန်ကို ပြန်ဝယ်စားနေရတဲ့ ရွှေဘိုခရိုင်ထဲက တောင်သူတွေရဲ့ဘဝ

သြဂုတ် ၁၈-၂၀၂၂
Voice Of Myanmar(VOM)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ရွှေဘိုခရိုင်ဟာ စပါးစိုက်ပျိုးမှု အများဆုံးခရိုင်တခုဖြစ်ပြီး ရွှေဘိုခရိုင်ထဲက ရွှေဘိုမြို့နယ်၊ ဒီပဲယင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်တွေမှာ ရွှေဘိုပေါ်ဆန်းစပါးကို အဓိကစိုက်ပျိုးကြတာလည်းဖြစ်ပါတယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်၀ါရီလ နောက်ပိုင်း အဲ့ဒီဒေသကတောင်သူတွေဟာ နယ်မြေမတည်ငြိမ်မှုတွေ၊ စိုက်ပျိုးစရိတ်သွင်းအားစုမြင့်တက်လာမှုတွေကြောင့် ရွှေဘိုပေါ်ဆန်းစပါးစိုက်ပျိုးမှုတွေ လျော့နည်းလာခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့မိုးစပါးပေါ်ချိန်မှာလည်း ဒေသအတွင်းမလုံခြုံမှုတွေကြောင့် ထွက်ရှိလာတဲ့စပါးတွေကို ရတဲ့ဈေးနဲ့ရောင်းချခဲ့ရတယ်လို့ တောင်သူတွေကပြောပါတယ်။

အခုလို မိုးရာသီမှာတော့ ကျေးရွာတွေမီးရှို့ခံရတဲ့အခါမှာ သိုလှောင်ထားတဲ့ မျိုးစပါးနဲ့ ဝမ်းစာစပါးမီးလောင်ဆုံးရှုံရတာတွေ၊ သွင်းအားစုမြင့်တက်လာမှုတွေကြောင့် စပါးစိုက်တောင်သူ ၆၀ ရာခိုင်နှုန်းလောက်က မိုးစပါးစိုက်ပျိုးနိုင်ခြင်းမရှိကြဘူးလို့ သိရပါတယ်။

ဒါ့အပြင် သိုလှောင်ထားတဲ့ဝမ်းစာစပါးတွေလည်း မီးလောင်ဆုံရှုံးခဲ့တဲ့ တောင်သူတွေအနေနဲ့ လက်ရှိစားဝတ်နေရေးအတွက် ဆန်ကိုပြန်ဝယ်စားနေရတယ်လို့ တောင်သူတချို့ကပြောပါတယ်။

ကိုယ်စိုက်တဲ့ဆန်ကို ပြန်ဝယ်စားရချိန်မှာလည်း ရွှေဘိုပေါ်ဆန်းမွှေးတအိတ်ကို ၇ သောင်းကျော်အထိရှိနေတာကြောင့် ရွှေဘိုက ပေါ်ဆန်းမွှေးစိုက်တဲ့တောင်သူတွေက ဆန်ကြမ်းကိုသာ ဝယ်စားနေကြရတယ်လို့လည်း ပြောဆိုကြပါတယ်။

#voiceofmyanmar #VOM #ရွှေဘိုခရိုင်

Youtube Link – https://youtu.be/8gpBoFre1Vw

Related posts

Leave a Comment

VOM News

FREE
VIEW