ပုသိမ်-ငရုတ်ကောင်းလမ်းမှာ တောင်ကျရေ ကျဆင်းလာလို့ လူနေအိမ်တွေရေနစ်၊ ကားလမ်းတွေလည်းပိတ်မိနေ

သြဂုတ်၊ ၁၇-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ၊ငရုတ်ကောင်း တောင်အနီး ပုသိမ်-ငရုတ်ကောင်းကားလမ်းတလျှောက် မှာ ဒီကနေ့ ဩဂုတ် ၁၇ နေ့လယ်ပိုင်းကစတင်လို့ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ ကျဆင်းလာတဲ့အတွက် ကားလမ်းရေကျော်ကာ ကားတွေပိတ်မိနေသလို ကားလမ်းဘေးမှာရှိတဲ့ လူနေအိမ်တွေလည်း ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

“တောင်ကျရေတွေလည်း ဆင်းပြီးတော့ ချောင်းရေကလည်း တက်တာနဲ့ အကုန်မြုပ်ကုန်တာ၊ ရေက တချို့နေရာ ၄ ပေကျော်အထိ တက်နေတာ၊ အကုန်လုံးတော့ ဘေးလွတ်ရာကိုရှောင်ဖို့ ကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်နေကြတယ်၊ ပိတ်မိနေသူတွေလည်းရှိတယ်၊ ကားလမ်းကလည်း သွားမရတော့ဘူး၊ ကားတွေလည်း မနည်းပိတ်မိနေတယ်၊ရေကတဟုန်ထိုးတက်လာတာ ၊ ကားတွေ ဆယ်နဲ့ချီကားတွေပိတ်နေတာ၊ အိမ်တွေလည်း ရေဝင်ကုန်ပြီ ”လို့ ဒေသခံတဦးကပြောပါတယ်။

ပုသိမ်-ငရုတ်ကောင်း ကားလမ်းလမ်းပိုင်းမှာ ရေအမြင့်မှာ ၁ ပေကနေ ၄ ပေထိ ရေကျော်နေတာဖြစ်ပြီး ကားတွေ ဖြတ်သန်းသွားလို့မရတော့ဘဲ ကားလမ်းရဲ့ နံဘေးရှိတဲ့ နေအိမ်တွေမှာလည်း တောင်ကျရေတွေ ဝင်ရောက်နေတာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီကားလမ်း ဘေးဝဲ၊ယာမှာနေအိမ် အလုံးပေါင်း ထောင်နဲ့ချီရှိတယ်လို့ ဒေသခံတွေဆီကသိရပြီး ဒီကနေ့ နေ့လယ်၁၂ နာရီအထိ နေအိမ် ၅၀ ကျော်လောက်ကို တောင်ကျရေတွေဝင်ရောက်နေပြီး တချို့နေအိမ်က ဒေသခံတွေဟာ ကြိုတင်ရေဘေးရှောင်နေကြတာကိုလည်း တွေ့ရတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

”နေ့လယ် ၁၁ နာရီလောက်ထဲက ပိတ်နေတာ မိုးကလည်း မပြတ်ဖူး ၊ ရေကလည်း တဟုန်ထိုးစီးနေတာ ဒါ့ကြောင့် မဖြတ်ရဲတာ၊ ရေကျမလား မိုးပြတ်မလား စောင့်နေတာ အခုညနေအထိ မိုးကလည်း ရွာနေတုန်း ၊ ကားလမ်းဘေးကလှမ်းကြည့်ရင် တွေ့ရတဲ့ ကားလမ်းဘေးက အိမ်တွေထဲ ရေတွေဝင်နေတယ် ၊ ဆက်ရွာနေရင် လူတွေအန္တရာယ်ရှိလာနိုင်တယ် ၊ တောင်ကျရေဆိုတော့ ရေစီးကြမ်းတယ်၊ တာဝန်ရှိသူတွေလား ပရဟိတအဖွဲ့တွေလားတော့ မသိဘူး လမ်းမှာကူညီပေးနေတာ တွေ့ရတယ် ၊ ကျွန်တော်ကတော့ မဖြတ်ရဲလို့ မသွားတော့တာ”လို့ ကားသမားတဦးက ပြောပါတယ်။

ပုသိမ်-ငရုတ်ကောင်းကားလမ်းကို အသုံးပြုသွားလာကြမယ့်ကားတွေနဲ့အခြားယာဉ်တွေ အနေနဲ့ လမ်းပန်းဆက်သွယ်ရေးကို စုံစမ်းသတိပြုလာကြဖို့လိုတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

ပုသိမ် နဲ့ ငရုတ်ကောင်း မြို့နယ်တွေမှာ မနေ့ သြဂုတ် ၁၆ ရက် ညနေပိုင်းထဲကစလို့ ဒီကနေ့ ညနေပိုင်းအထိ မိုးတွေအဆက်မပြတ်ရွာနေတယ်လို့သိရပြီး မိုးဆက်ရွာနေရင် အခုထက် ရေကြီးရေလျှံတာတွေ ဖြစ်ပွားလာမယ့် အခြေအနေရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

#voiceofmyanmar #VOM #ငပုတော

Related posts

Leave a Comment

VOM News

FREE
VIEW