မော်လမြိုင်မှာ နေအိမ်အတွင်းဝင်ပြီး လူသတ်ကာ ပစ္စည်းလုယက်မှုဖြစ်ပွား

ဩဂုတ် ၁၈-၂၀၂၂
VOM (GG)

မော်လမြိုင်မြို့၊အောင်သုခရပ်ကွက်၊ဓာတ်ပေါင်းစေတီလမ်းက နေအိမ်တအိမ်မှာ လူသတ်ပြီး ပစ္စည်းလုယက်မှု ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မျက်နှာဖုံးစွပ်ထားတဲ့ အမည်မသိ အမျိုးသား၂ယောက်က နေအိမ်နောက်ဖေးဝင်ပေါက်မှာ ကြိုတင်စောင့်ဆိုင်းကာ အိမ်တံခါးဖွင့်ချိန် ဝင်ရောက်ပြီး အသက် ၄၄ နှစ်အရွယ် အမျိုးသမီးရဲ့လည်ပင်းကို ဓားနဲ့ထိုးတာကြောင့် သေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက် နေအိမ်ထဲက အိမ်ပိုင်ရှင်အမျိုးသမီးကြီးကို ဓားနဲ့ထောက်ပြီး ရွှေထည်ပစ္စည်း၊ ဆွဲကြိုးနဲ့လက်ကောက်ကို လုယူသွားတယ်လို့သိရပါတယ်။

” အသတ်ခံရတဲ့အမျိုးသမီးက တံမျက်စည်းလှည်းပြီး နောက်ဖေးပေါက်တံခါးကနေထွက်ဖို့ တံခါးဖွင့်တဲ့အချိန် မျက်နှာဖုံးစွပ်ထားတဲ့ ၂ယောက်က ဓားနဲ့ထိုးတာ။နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။သူက အဲ့ဒီအိမ်မှာအလုပ်ကူလုပ်ဖို့ခေါ်ထားတဲ့ ဆွေမျိုးနီးစပ်တယောက်လို့သိရတယ်။ရွှေကတော့ အိမ်ပိုင်ရှင်အဒေါ်ကြီးဆီကလုသွားတာ”လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မော်လမြိုင်Rescue အဖွဲ့ဝင်တဦးကပြောပါတယ်။

လူသတ်ပစ္စည်းလုယက်မှုက ဒီနေ့မနက်အစော ၅ နာရီ ၃၀ ကဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်မှာက သေဆုံးသူ အိမ်အကူအမျိုးသမီးအပါအဝင် လူ ၄ ယောက်နေထိုင်တာဖြစ်တယ်လို့သိရပြီး သေဆုံးသူကို မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ရပါတယ်။

လူသတ် ဓားပြတိုက်မှုနဲ့ပတ်သက်ပြီး မော်လမြိုင်မြို့မရဲစခန်းက ကျူးလွန်သူတွေကိုဖမ်းဆီးရမိရေး အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #မော်လမြိုင်

Related posts

Leave a Comment

VOM News

FREE
VIEW