ရေစကြိုမြို့နယ် ငတရော်ကျေးရွာက အိမ်ခြေ ၄ ရာ ကျော် မီးရှို့ဖျက်ဆီးခံရ

သြဂုတ် ၊ ၁၈ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ငတရော်(ငတမျှော်)ကျေးရွာမှာ မနေ့ သြဂုတ် ၁၇ ရက် မနက်ပိုင်းကစလို့ ညနေပိုင်းအထိ လူနေအိမ် ၄ ရာကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။

” မနေ့က မနက်အစောပိုင်းမှာ ရွာဘက်ကို စစ်ကြောင်း ဝင်လာတယ်ကြားရလို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ရွာဘက်က မီးခိုးတွေ စထွက်လာတယ် ၊ ရွာမီးရှို့ဖျက်ဆီးခံရတာပါ ၊ညနေ ၅ နာရီကျော်တဲ့အထိ ရွာဘက်က မီးခိုးတွေကို မြင်နေရတုန်းပဲ ၊ ရွာမှာက အိမ်ခြေ ၆ ရာကျော်ရှိတယ် ၊ အခုနောက်ဆုံးကြားရတာက လူနေအိမ်တွေနဲ့ အခြားအဆောက်ဦး ၄ ရာကျော် မီးလောင်ပျက်စီးသွားတယ် ” လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ငတရော်ရွာခံတယောက်က ဖုန်းနဲ့ ဆက်သွယ်ပြောပါတယ်။

အခုလ ၁၁ ရက်ကလည်း အဲ့ဒီ ငတရော်ကျေးရွာဘက်ကို စစ်ကြောင်းတွေဝင်ရောက်လာပြီးနောက် ရွာထဲက ဆိုင်ကယ် ၁၀ စီးထက်မနည်း မီးရှို့ခံရတာဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငတရော်ရွာအပြင် အခုလ ၁၅ ရက်နေ့ ညကလည်း ရေစကြိုမြို့နယ် ၊ တာတိုင်ကျေးရွာမှာ မီးရှို့ဖျက်ဆီးခံရတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

အခုရက်ပိုင်းအတွင်း ပခုက္ကူခရိုင်ထဲက ပေါက်မြို့နယ် တောင်ပိုင်းက ကျေးရွာတချို့နဲ့ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်ကြားက ကျေးရွာတချို့ မီးရှို့ဖျက်ဆီးခံရတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့ပါတယ်။

မကွေးတိုင်းထဲက ကျေးရွာ အတော်များများ မီးရှို့ခံရတဲ့ကိစ္စမှာ ဘယ်သူတွေက ရှို့တယ်ဆိုတာကို VOM က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ISP Myanmar သုတေသနအဖွဲ့ရဲ့ လေ့လာထားချက်မှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဖေဖော်ဝါရီလကနေ အခုနှစ် ဇူလိုင် ၁၅ ရက်အထိ နိုင်ငံတဝှမ်း ပဋိပက္ခဖြစ်စဥ်တွေကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်နဲ့ အဆောက်အဦးပေါင်း ၂၈၄၁၉ လုံးရှိတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ အဲ့ဒီ အရေအတွက်ဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မီးရှို့ဖျက်ဆီးခံရတာနဲ့ လက်နက်ကြီးကျည် ထိမှန် ပျက်စီးခဲ့တဲ့ အခြေအနေဖြစ်တယ်လို့ အဲဒီ တွေ့ရှိချက်က ဆိုပါတယ်။

အဲ့ဒီ ပျက်စီးဆုံးရှုံး အရေအတွက်ထဲမှာ စစ်ကိုင်းတိုင်းက ၂ သောင်းကျော် ပါဝင်ပြီး ၊ ဒုတိယ အများဆုံးဖြစ်တဲ့ မကွေးတိုင်းကတော့ ၅ ထောင် ၊ ၇ ရာကျော်ရှိပြီး ကျန်အရေအတွက်က ချင်း ၊ ကယား စတဲ့ ပြည်နယ်ဘက်တွေကလို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #ရေစကြို #ငတရော်ကျေးရွာ #မီးရှို့ဖျက်ဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW