ခရီးသည်တွေရဲ့ကိုယ်ရေးအချက်အလက်တွေ မှတ်တမ်းယူပြီးမှ ကားလက်မှတ်ရောင်းဖို့ ပို့ဆောင်ရေးညွှန်ကြားမှူးရုံးက အမိန့်ထုတ်

သြဂုတ်၂၀ ၊ ၂၀၂၂
SP(VOM)

တိုင်းနဲ့ပြည်နယ်တွေကို နေ့စဥ်ပြေးဆွဲပေးနေတဲ့ ခရီးသည်တင် ယာဥ်လိုင်းတွေအနေနဲ့ ခရီးသွားကားလက်မှတ် ရောင်းချပေးတဲ့အခါ ခရီးသည်တွေရဲ့ကိုယ်ရေး အချက်အလက်မှတ်တမ်းတွေရယူပြီးမှ ရောင်းချပေးဖို့ နေပြည်တော် ပို့ဆောင်ရေးနဲ့စီမံကိန်းဦးစီးဌာန (ရုံးချုပ်)ကနေ အခုလ ၁၈ ရက်နေ့က အမိန့်ထုတ် ညွှန်ကြားခဲံတယ်လို့ အဝေးပြေးကားကွင်း ယာဥ်လိုင်းဂိတ်တွေဆီက သိရပါတယ်။

” ခရီးသည်တွေရဲ့ နာမည် ၊ အဖေနာမည် ၊မှတ်ပုံတင်နံပါတ် ၊ နေရပ်လိပ်စာ ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် စတဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်တမ်းယူထားပြီးမှ ကားလက်မှတ်ရောင်းရမယ်လို့ ဩဂုတ် ၁၈က အမိန့်ထုတ်တယ် ၊ အဲ့ဒီအပြင် လမ်းမှာတက်မယ့် ခရီးသည်တွေ ပတ်သက်လို့လည်း အဲ့ဒီလို ကိုယ်ရေးအချက်အလက်တွေ ရယူပြီး Seating Plan မှာဖြည့်ပေးရမယ် ၊ လက်ခံထားရမှာ ဖြစ်တယ်”လို့ မူဆယ် ၊ မန္တလေး ၊ မုံရွာ ခရီးသည်ယာဥ်လိုင်း လက်မှတ်ရောင်း ဝန်ထမ်း တယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်း ပုဂ္ဂလိကပိုင် မော်တော်ယာဥ်လိုင်းများ စနစ်တကျပြေးဆွဲရေးကော်မတီရုံး တာဝန်ရှိသူတဦးက ” အခုလို ခရီးသည်တွေရဲ့ ကိုယ်ရေးအချက်အလက် မှတ်တမ်းယူပြီမှ လက်မှတ်ရောင်းခိုင်းတာဟာ အရင်တုန်းကလည်းရှိဖူးတယ် ၊ ၂၀၀၇ တုန်းက တကြိမ် ဖြစ်ခဲ့တယ် ၊ ခရီးသွား စီစစ်လိုက်တဲ့သဘောဆိုတော့ ခရီးသွားကျဲနိုင်တယ် “လို့ ပြောပါတယ်။

အဲ့ဒီ အမိန့်စာထွက်ပေါ်လာတာနဲ့ ပတ်သက်လို့ မုံရွာ မန္တလေး မူဆယ်ကားသမားတယောက်က ” ဒီလ ၁၇ ရက်မနက်က စစ်ကိုင်းတံတားဖြစ်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ခရီးသွားတွေရဲ့ ကိုယ်ရေးနောက်ကြောင်းကို မှတ်တမ်းယူတာဖြစ်နိုင်တယ် ၊ အခုတလော ခရီးသည်တင် ယာဥ်လိုင်းတွေက ၂ ဘက် ပစ်မှတ်လို ဖြစ်လာနေတယ် “လို့ ပြောပါတယ်။

အခု ဩဂုတ် ၁၇ ရက်မနက်ပိုင်းက စစ်ကိုင်းမြို့ ၊ တကောင်းရပ်ကွက်၊ စစ်ကိုင်းတံတားထိပ်မှာ ခရီးသည်တင်ကားပေါ်နဲ့ ရှာဖွေရေးဂိတ်အဖွဲ့တို့ကြား ပစ်ခတ်တာတွေဖြစ်ပြီး လူ ၄ ဦးသေဆုံးကာ ခရီးသည် ၆ ဦးထက်မနည်း ဒဏ်ရာရတာဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် မနေ့က မန္တလေး-မုံရွာ-ရေဦးကားလမ်း ရေအိုးစဥ် စစ်ဆေးရေးဂိတ်မှာ ရန်ကုန်-ရေဦး ခရီးသည်တင်ကားပေါ်ကနေ လက်နက်ခဲယမ်းတွေဖမ်းဆီးရမိတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ခရီးသွားလာသူကိုယ်ရေးအချက်အလက် #ကားလတ်မှတ်ရောင်းရမယ်

Related posts

Leave a Comment

VOM News

FREE
VIEW