မုံရွာမြို့မှာ အငြိမ်းစားဝန်ထမ်း ၂ ဦးနဲ့ အလယ်တန်းပြ ကျောင်းဆရာမ ၁ ဦး ပစ်သတ်ခံရ

သြဂုတ် ၊ ၂၂ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ပြည်တော်သာ (အက်တော) ရပ်ကွက် ၊ ရွှေလက်ပံ ကွက်သစ်ရပ်မှာ ဒီကနေ့မနက်ပိုင်းက အငြိမ်းစားဝန်ထမ်း ၂ ဦးနဲ့ အလယ်တန်းပြ ကျောင်းဆရာမ ၁ ဦးတို့ ပစ်သတ်ခံရပြီး အိမ်နီးနာချင်း လူတချို့လည်း ကျည်ဆံထိမှန် ဒဏ်ရာရတာတွေဖြစ်ပွားခဲ့တယ်လို့ ရွှေပြည်သာရပ်ကွက်နေသူတွေဆီက သိရပါတယ်။

” ပစ်သတ်ခံရတာက နမခဘက်က ၉၂၉ တပ်က တပ်ကြပ်ကြီးအငြိမ်းစား စစ်မှုထမ်းဟောင်း ဦးသန်းဝင်းစိန် အသက် ၆၇ နှစ် ၊ အိမ်နီးနားချင်းဖြစ်သူ ကနီမြို့နယ် သမဝါယမဦးစီးအရာရှိအငြိမ်စား ဒေါ်ညိုညိုသန်း အသက် ၆၄ နှစ် နဲ့ မုံရွာမြို့နယ် ၊ ပလ္လင်ကျေးရွာ ၊ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်လတ်လတ်အောင် အသက် ၄၁ နှစ်၊ သူတို့ ၃ ဦးက နေရာမှာတင် ကျည်ဆံဖောက်ဝင်ပြီး သေတယ် ၊ နောက်ပြီး ဒေါ်နိုင်နိုင်ဝင်းက လက်မှာ ကျည်ဆံထိမှန် ဒဏ်ရာရတာ “လို့ ရွှေပြည်သာရပ်ကွက်မှာနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။

ဒီကနေ့မနက် ၇ နာရီဝန်းကျင်က အမည်မသိ သေနတ်ကိုင်ဆောင်ထားသူ ၅ ယောက်ဟာ ပြည်တော်သာရပ်ကွက်ထဲကို ရွှေလက်ပံဘုန်းကြီးကျောင်းလမ်းအတိုင်း ကား ၁ စီးနဲ့ ဝင်ရောက်လာပြီးနောက် စစ်မှုထမ်းဟောင်း ဦးသန်းဝင်းစိန် အိမ်နားအရောက်မှာ ကားပေါ်ကနေ ဆင်းလာပြီး စစ်မှုထမ်းဟောင်းလားလို့ မေးမြန်းကာ ပစ်သတ်သွားတာဖြစ်တယ်လို့ ပြည်တော်သာရပ်ကွက်နေ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း လှည့်ကင်းဆောင်ရွက်နေတဲ့ မုံရွာခရိုင်က သက်ဆိုင်ရာတွေ ရောက်လာပြီး ရုပ်အလောင်းတွေကို ရဲဆေးစာနဲ့ မုံရွာဆေးရုံကြီးကိုပို့ဆောင်ကာ အမှုဖွင့်ဖို့စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲတဲ့နှစ် ၂၀၂၁ အောက်တိုဘာဝန်းကျင်ကလည်း မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက်မှာ စျေးဝယ်နေတဲ့ အမှတ် ၉၂၉ တပ်က စစ်သား ၁ ဦး ပစ်သတ်ခံရတာဖြစ်ပွားတဲ့အပြင် မုံရွာမြို့ ထန်းတောရပ်ကွက်မှာနေတဲ့ အမှတ် ၉၂၉ တပ်က အငြိမ်းစား ၊ ဦးသန်းအောင်ဆိုတဲ့သူ ပစ်သတ်ခံရတာဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW